Sunday, May 24, 2015

Adoxy Cellfood ရေဆေးမှ လေဆေးသို့

Adoxy ကို နာမည်ပေးကောင်းတဲ့ မြန်မာတွေက အလွယ်တကူ တစက်ဆေးလို့ ခေါ်ကြတယ်။ ဆေးစက်ကို ရေထဲ ထည့်၊ဖျော်သောက်ရတာကိုး။ တချို့ကနာမည်ပေးပိုလို့ကောင်းတယ်။ နတ်ဆေးတဲ့။ ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ မဟော်သဓာသုခမိန်က နတ်ဆေးတုံးကိုင်ပြီး မွေးဖွားလာတာကို ပြန်သတိရမိတယ်။ ဒီဟာက ဆေးမြစ်တော့မဟုတ်ပါဘူး။ ဆေးရည်ပါ။ Adoxyဆေးကို ထိုင်းနိုင်ငံက တင်သွင်းတယ်လို့ သိရပါတယ်။ ဆေးတဗူးကို ၃၅၀၀၀ လောက် ကျသင့်ပြီး ဆေးရည် 15ml ပါဝင်ပါတယ်။ ဆေးရည် တအောင်စ(30ml)မှာ ဆေးစက် (၇၂၀)ထိ ပါဝင်တယ်။ တခါသုံး ဆေး(၈)စက် ဖြစ်ရင် အကြိမ် ၉၀ထိ သုံးစွဲနိုင်တယ်။ 
ဆေးသဘောက အောက်စီဂျင်ကို လေနဲ့မပေးပဲ ရေကတဆင့်ပေးတယ်။ တနည်းပြောရရင် ရေဆေးက လေဆေးကို ပြောင်းတာပေါ့။ ဘယ်လိုပြောင်းလဲဆိုတော့ ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ် တမျိုး ဖြစ်တဲ့ Deutriumကို သုံးပြီး ပြောင်းတာပါ။ 

Deuteriumဆိုတာ 
ရေဒီယို သတ္တိကြွမှုမရှိတဲ့ ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်(hydrogen isotope) တမျိုး ဖြစ်တယ်။ ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်နှစ်မျိုးအနက် heavy hydrogen ဖြစ်ပါတယ်။ ပုံမှန်ဟိုက်ဒရိုဂျင်ထက် Deutriumက ၂ဆနီးပါးလေးတယ်။Deuteriumရဲ့ nucleus ထဲမှာ protonတလုံးနဲ့ neutronတလုံးစီပါဝင်တယ်။ neutronမပါဝင်တဲ့ အိုင်ဆိုတုပ်ကို protiumလို့ ခေါ်ပါတယ်။ ပင်လယ်သမုဒ္ဒရာရေထဲမှာ hydrogen အက်တမ် ၆၄၂၀ ရှိတိုင်း deuterium အက်တမ်တလုံးသာ ပါဝင်တယ်။ ရာခိုင်နှုန်းအနေနဲ့  0.0156% သာ ရှိတယ်။ ဓာတုသင်္ကေတနဲ့ D (သို့) 2H နဲ ပြတယ်။ တချို့ကလည်း လွန်ခဲ့တဲ့နှစ် ၁၄ဘီလီယံက ဖြစ်ပေါ်ခဲ့တဲ့ Big Bang မဟာပေါက်ကွဲမှုကြီးကထွက်လာတဲ့ အပိုင်းအစတွေအဖြစ် ယုံကြည်ကြတယ်။

Deuterium ကို  ၁၉၃၁ခုနှစ်မှာ ကိုလံဘီယာ တက္ကသိုလ်က ဓာတုဗေဒပညာရှင် Harold Ureyက စတင်တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက် ကတဆင့် ၁၉၃၂မှာ နယူးကလီးယက်မှာပါဝင်တဲ့ နယူထရွန်ကို ဖော်ထုတ်နိုင်ခဲ့တယ်။ ၁၉၃၄မှာ Harold Ureyကို နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရတယ်။ သိပ်မကြာခင်မှာ သာမန်ထက် deuterium ပိုမိုပါဝင်တဲ့ရေ(heavy water)ဆိုတာကို ထုတ်လုပ်ပြန်တယ်။ Deuterium က ရေမှာပါဝင်တဲ့ hydrogen ကို ဖယ်ရှားပြီး အောက်စီဂျင်နဲ့ပေါင်းစပ်တဲ့အခါ (D2O)ဆိုတဲ့ မော်လီကျူးဖြစ်လာတယ်။ Deuterium oxide လို့ ခေါ်ပါတယ်။ ပုံမှန်ရေထက် ၁၀ရာခိုင်နှုန်းလောက် ပိုမိုသိပ်သည်းဆများလို့ heavy waterလို့လည်း ခေါ်ကြတယ်။ 

လေ့လာမှုတွေအရ သိပ်သည်းဆများတဲ့ heavy Waterက လူအပါအဝင် တိရိစ္ဆာန်အချို့ကို ဒုက္ခပေးတာတွေ့ရတယ်။ အကယ်၍ ခန္ဓာကိုယ်တွင်းရှိ ရေအချိုးအစားရဲ့ ၂၅ရာခိုင်နှုန်းဟာ heavy Waterဖြစ်ခဲ့မယ်ဆိုရင် ဆဲလ်ကွဲပွားမှုနဲ့ မျိုးပွားနိုင်စွမ်းကို ဒုက္ခပေးတာ တွေ့ရတယ်။ ခန္ဓာကိုယ်တွင်းမှာ ၅၀ရာခိုင်နှုန်းထိ အစားထိုးမိရင် ကိုယ်တွင်းအင်္ဂါဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေပြီး လူကိုသေဆုံးသည်ထိ ဒုက္ခပေးတတ်ပါတယ်။ ဒါ့ကြောင့် Deuteriumပါဝင်တဲ့ heavy waterကို အလွန်အကျွံ မသောက်သုံးသင့်ပါဘူး။ 

Cellfood ဘယ်သူက စတင်တီထွင်ခဲ့သလဲ
Cellfoodတီထွင်သူက ဟိုက်ဒရိုဂျင်ဗုံးကို လုပ်ခဲ့တဲ့ Everett L. Storey ဖြစ်တယ်။ နိုဗယ်ဆု နှစ်ဆုရ ပညာရှင်တယောက်လည်း ဖြစ်တယ်။ Everett  Storeyက “water splitting technology” ရေဖြိုခွဲခြင်း နည်းပညာကို စတင်တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့နည်းကတဆင့် ဟိုက်ဒရိုဂျင်ဗုံး ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ဓာတ်ရောင်ခြည်သင့်ပြီး အလေးချိန်တွေ ကျဆင်းလာပါတယ်။ ဒါ့ကြောင့် လူသားအကျိုးပြုတီထွင်မှုတခုကို ထပ်မံ လုပ်ဆောင်ခဲ့တယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးရှိနိုင်မယ့် deuteriumရဲ့ အာနိသင်ကို ဘဝတလျှောက်လုံး ရှာဖွေခဲ့တယ်။ ၁၉၅၆မှာ deuteriumကို အခြေခံတဲ့ “Cell Food” or “Liquid Life”ဆိုတာကို တီထွင်ဖော်ထုတ်ခဲ့တယ်။ ဒီတွေ့ရှိခဲ့မှုအတွက် နှစ်ဆယ်ရာစု အကြီးကျယ်ဆုံး သိပ္ပံပညာရှင်ဖြစ်တဲ့ အိုင်းစတိုင်းကတောင် အသိအမှတ်ပြု ချီးကျူးထားတယ်လို့ ဆိုပါတယ်။ 
အာနိသင်ဘယ်လိုရလဲ
ဆေးရည်ကို ရေ(သို့)အချိုရည်နဲ့ ရောနဲ့အခါမှ ဆေးအာနိသင်ထွက်လာပါတယ်။ ရေကို ဖြိုခွဲတဲ့အခါ အဆင့်မြင့် နာနိုနညိးပညာကို သုံးရတယ်။ နာနိုနည်းအရ 
Adoxy မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ colloidal formတွေဖြစ်ကြတယ်။ colloid မှုန်လေးတွေဟာ အလွန်သေးငယ်ပြီး 5nanometer လောက်သာ ရှိတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အရည်တွေနည်းတူ negative-charged အနုတ်ဆောင်မှုန်ဖြစ်လို့ စုပ်ယူနိုင်စွမ်းကို အဟန့်အတားမဖြစ်ပဲ အလွယ်တကူ စုပ်ယူနိုင်ပါသတဲ့။ ဒါ့ပြင် ရေကို Deuterium သုံးပြီး အောက်စီဂျင်အက်တမ်အဖြစ် ပြိုကွဲစေတယ်။ Adoxyဆေးမှာ ပါဝင်တဲ့ deuteriumက ရေမော်လီကျူး(H2O)ကို ဟိုက်ဒရိုဂျင်အက်တမ်(H)နဲ့ အောက်စီဂျင်အက်တမ်(O)အဖြစ် ပြိုကွဲစေပါတယ်။ ထွက်လာတဲ့ အောက်စီဂျင်က အနုတ်(O-)ဖြစ်ပြီး ဓာတ်တိုးခြင်းကြောင့် ဖြစ်လာတဲ့ အပေါင်းအောက်စီဂျင်(O+)နဲ့ သွားပေါင်းတဲ့အခါ အောက်စီဂျင်မော်လီကျုး(O2)ဖြစ်လာတယ်။ အဲဒီအောက်စီဂျင်ကပဲ ဆဲလ်တွေကို အာဟာရဖြစ်စေတယ်။ သန့်စင်စေတယ်။ 
ဘာတွေကောင်းလဲ
• ခန္ဓာကိုယ်မှာ ရှိတဲ့ဆဲလ်တွေထဲမှာ အောက်စီဂျင်များစေတယ်
• သတ္တုဓာတ်ဖြည့်ဆည်းပေးတယ်
• အာဟာရဓာတ်စုပ်ယူမှုကို ၉၅% ထိရှိစေတယ်
• ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
• အာရုံကြောတွေ ကောင်းမွန်စေတယ်
• ခုခံအားကိုတက်စေတယ်
• အက်ဆစ်-ဘေ့စ် မျှခြေဖြစ်စေတယ်
• ဆဲလ်သစ်တွေ ဖွဲ့စည်းစေတယ်
• အရေပြားရောဂါတွေကို လျင်မြန်စွာပျောက်ကင်းစေတယ်
• ဆဲလ်တွေကို အားအင်ပေးစွမ်းနိုင်တယ်
• လူ၊သတ္တဝါအပင်တွေရဲ့ ကြီးထွားမှုကို အကျိုးပြုတယ်
အသုံးပြုပုံ 
ဆေးရည် (၈)စက်ကို ရေသန့်(၈)အောင်စ(240ml)နဲ့ရောပြီး တနေ့ သုံးကြိမ် သောက်သုံးရမယ်။ ဖျော်ရည်၊ အချိုရည် စတာတွေနဲ့လည်း ရောပေးနိုင်တယ်။ အစာမရှိချိန်သောက်ရင် အာနိသင်ပိုကောင်းတယ်။ အစာမစားခင် နာရီဝက်(သို့)စားပြီး တနာရီမှာ ဆေးသောက်ရမယ်။ Adoxyဟာ လီမွန်အရသာလို နည်းနည်းချဉ်တယ်။ ဒါ့ကြောင့် ရေများများနဲ့ရောသောက်ခိုင်းတယ်။ တနေ့စာ သောက်ရမယ့် ဆေးပမာဏကို ရေနဲ့ ကြိုတင်ရောထားပြီး တနေကုန်သောက်ပေးနိုင်တယ်။ ဆေးသောက်စမှာ ဘေးထွက်ဆိုးကျိုးခံစားရနိုင်တယ်။ ဒါ့ကြောင့် ဆေးပမာဏကို တဝက်လောက် လျှော့သောက်သင့်တယ်။ ပြီးရင် ဖြည်းဖြည်းချင်း ပုံမှန်ပမာဏရောက်သည်ထိ ဆက်သောက်သွားပါ။ တချို့က လိမ်းပေးရင် အာနိသင်ရှိတယ်လို့ ဆိုကြတယ်။ တခုသတိပြုရန် ဆေးရည်ကို မျက်လုံးထဲမဝင်ပါစေနဲ့။ အမြန်ဆုံး ရေဆေးပစ်ပါ။ 
ဘာတွေ အကျိုးပြုလဲ
ပန်းနာရောဂါသည်တွေမှာ Adoxyက အကျိုးရှိတယ်လို့ ဆိုပါတယ်။ သွေးတိုး၊ဆီးချို၊အဆီဓာတ်ကို လျှော့ချပေးတယ်။ အိုမင်းရင့်ရော်ခြင်းတားဆီးပြီး မှတ်ဥာဏ်ကောင်းစေတယ်။ အနာကျက်မြန်စေတယ်။ အသားအရေလှပစေတယ်။ စိတ်ကျရောဂါကို ကာကွယ်ပေးမယ်။ အာရုံကြောတွေ အားကောင်းစေတယ်။ ဒါ့ကြောင့် လူတိုင်းအတွက် လိုအပ်တဲ့ ဆဲလ်အာဟာရအဖြစ် သတ်မှတ်ထားတယ်။
သတိပြုစရာ အချက်များ
စာဖတ်ပြီးတဲ့အခါ နားမလည်တဲ့အချက်၊ဘဝင်မကျတဲ့အချက်လေးတွေ တွေ့ရတယ်။ တချို့သီအိုရီတွေမှာ ရှေ့နောက်မညီတာတွေ ပါဝင်တာ သတိထားမိတယ်။ 
(၁)
ဆေးပညာရပ်ကို သင်ရတော့ physiology ဇီဝကမ္မဘာသာရပ်ကို သင်ယူရတယ်။ အဆုတ်ထဲရှုသွင်းလိုက်တဲ့လေ(အောက်စီဂျင်)ကို သွေးကြောတွေက သယ်ဆောင်ပြီး ဆဲလ်တွေဆီ ပို့ဆောင်ပေးတယ်။ အတိအကျပြောရရင် သွေးနီဥမှာရှိတဲ့ ဟေမိုဂလိုဘင်(Hb)နဲ့ပေါင်းစပ်ပြီးမှ ခန္ဓာကိုယ်ထဲရောက်ရတယ်။ တခြားနည်းနဲ့ အောက်စီဂျင်ရနိုင်တယ်လို့ မသင်ခဲ့ရဖူးပါဘူး။ အခုသီအိုရီအရ ဆေးရည်က ခန္ဓာကိုယ်မှာရှိတဲ့ အရည်တွေနည်းတူ negative charged ရှိတာဖြစ်လို့ ခန္ဓာကိုယ်တွင်း အလွယ်တကူဝင်ရောက်နိုင်တယ်ဆိုတာ ဘာ့ကြောင့်ပါလဲ။ 
(၂)
သိရသလောက် နိုဗယ်ဆုသမိုင်းမှာ နိုဗယ်ဆုနှစ်ကြိမ်ရဖူးသူ လေးယောက်ပဲရှိပါတယ်။
၁။Maria Skłodowska-Curie(1903,1911)
၂။Linus Pauling (1954,1962)
၃။John Bardeen(1956,1972)
၎။Frederick Sanger(1958,1980)
ဒီထဲမှာ Everett L. Storeyနာမည်နဲ့ ပါတာတော့ မတွေ့မိသေးဘူး။ ဒါမှမဟုတ် လက်ရှိကမ္ဘာမှာ မရှိတဲ့သိပ္ပံပညာရှင်တယောက်ပေပဲလား။ ရေရေရာရာ နားမလည်နိုင်သေးဘူး ဖြစ်နေပါတယ်။ Everett L. Storeyအကြောင်းကို Cellfood ကြေငြာတွေမှာသာ တွေ့ရတယ်။ တခြားနေရာမှာ မတွေ့မိဘူး။ ဘာ့ကြောင့်လဲ။
(၃)
နောက်နားမရှင်းတာ တခုက ရှိနေပါသေးတယ်။ လက်လှမ်းမှီသမျှ ပြောရရင် ဟိုက်ဒရိုဂျင်ဗုံးတီထွင်သူရဲ့ နာမည်က Edward Teller ဖြစ်ပါတယ်။ H-Bomb ကို ၁၉၅၂မှာ တီထွင်နိုင်ခဲ့တယ်။ ၁၉၀၈ ဇန်နဝါရီ ၁၅ရက်မှာ မွေးဖွားခဲ့ပြီး ၂၀၀၃ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ သေဆုံးခဲ့တယ်။ ဒါ့ပြင် Cellfood ဆဲလ်အာဟာရကို ၁၉၄၇ခုနှစ်လောက်ကတည်းက L T Reynoldsက  တီထွင်ခဲ့ပြီး ဖြစ်တယ်လို့ သိရတယ်။ ထပ်သိရတာက ရေကဆင့် လောင်စာဆဲလ်ကွဲပွားတဲ့ပစ္စည်းကို ဖော်ထုတ်ခဲ့သူက Stanley Meyer(၁၉၄၀-၁၉၉၈)ဖြစ်ပါတယ်။ water splitting techanology သီအိုရီဖော်ထုတ်သူတော့ တိတိကျကျမတွေ့ရသေးပါဘူး။

(၄)
Cellfoodကို ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့အခါမှာလည်း Deutriumမပါဝင်ဘူးလို့ ဆိုသူက ဆိုကြပါတယ်။ ဒါကတော့ ကိုယ်တိုင် ဓာတ်ခွဲထားသူမှ သိပါလိမ့်မယ်။Deutrium အလွန်အကျွံသုံးစွဲခြင်းဟာလည်း မကောင်းဘူးဆိုတာမျိုး တွေ့ရတယ်။တခြားသတ္တုဓာတ်တွေဖြစ်တဲ့ actinium, gadolinium, neon, technetium နဲ့ xenon ပါဝင်သလား မသေချာသေးဘူး။ အဆိုပါသတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ဓာတ်တွေ ဖြစ်ပါတယ်။

(၅)
၂၀၁၀ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လအတွင်းမှာ Cellfoodနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီ(Nusience)နဲ့ ၾသစေတ်းလ် ကိုယ်စားလှယ်တွေကို ဆေးအာနိသင်၊ထုတ်လုပ်သူ၊တီထွင်သူနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ကြပါဘူး။ အကြောင်းပြချက် တစုံတရာလည်း မပေးခဲ့ကြဘူး။ နိုဗယ်ဆုချီးမြှင့်ရေး ကော်မတီကတော့ Everett Storeyဆိုသူကို နိုဗယ်ဆု ချီးမြှင့်ထားခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ 

နောက်ဆုံး ကောက်ချက်ချရရင် Adoxy ဆေး ဘာ့ကြောင့် နာမည်ကြီးရပါသလဲ။ အဓိကတွေ့တဲ့အချက်ကတော့ ကြေငြာအားကောင်းတာပါ။ သုံးထားတဲ့စကားလုံး၊ဆင်ထားတဲ့ဇာတ်လမ်းနဲ့ သီအိုရီတွေက အများကျလောက်စရာဖြစ်နေတယ်။ dietary supplement အနေနဲ့ မြန်မာနိုင်ငံ FDAက အသိအမှတ်ပြုထားတာလည်း ပါလိမ့်မယ်။ သတိပြုရမှာက ဖြည့်စွက်ဆေး(dietary supplement)အနေနဲ့ ခွင့်ပြုထားတာပါ။ ဖြည့်စွက်ဆေး ဖြစ်လို့ အားဆေးလောက် သဘောထားသင့်တယ်။အလွန်အကျွံမှီခိုအားကိုးတာမျိုး မလုပ်သင့်ဘူး။ သောက်ခြင်း၊မသောက်ခြင်းကတော့ လူနာအပိုင်းဖြစ်လို့ မိမိစိတ်ချမ်းသာသလို ကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်ပါတယ်။ ဆရာဝန်တွေ မညွှန်ကြားတဲ့ ဆေးတမျိုး ဖြစ်တာတော့ သေချာပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂.၆.၁၄

No comments:

Post a Comment