အရက်နဲ့
ပတ်သက်တဲ့ ဇာတ်လမ်းလေးတပုဒ် ကြားဖူးတယ်။ တခါက ဆရာတယောက်က ကျောင်းသားတွေကို
ကျန်းမာရေးပညာပေးပါသတဲ့။ အရက်နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သိရှိအောင်
လက်တွေ့သက်သေပြတဲ့အနေနဲ့ တပည့်တွေရှေ့မှာပဲ ရောဂါပိုးမွှားတွေရှိနေတဲ့
ခွက်တခုထဲကို အရက်တွေ လောင်းထည့်လိုက်ပါတယ်။ သိပ်မကြာခင်ပဲ ခွက်ထဲမှာရှိတဲ့
ရောဂါပိုးမွှားတွေ သေကုန်တာလည်းမြင်ရောတော့ ဆရာလုပ်သူက ကျောင်းသားတွေကို
ဂုဏ်ယူဝင့်ကြွားစွာ မေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်ပြီး
အရက်နဲ့ပတ်သက်တဲ့ ဘာ သင်ခန်းစာတွေ ရလိုက်သလဲပေါ့။ အဲဒီမှာ
ကျောင်းသားတယောက်က ထဖြေပါသတဲ့။ အရက်ကို သောက်လိုက်ခြင်းအားဖြင့်
ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်သွားပါတယ်ဆရာ။ ကဲ..စာဖတ်သူကော
ဘယ်လိုထင်ပါသလဲ။ ဘယ်အမြင်ကို ထောက်ခံချင်ပါသလဲ။
လူတွေ
ဘာ့ကြောင့် အရက်သောက်ရသလဲမေးရင် တချို့က စိတ်ညစ်လို့သောက်တယ်။ တချို့က
ပျော်လို့သောက်တယ်။ တချို့က လောကကြီးကို မကြေနပ်လို့သောက်တယ်။ တချို့က
မူးချင်လို့ကို သေချာသောက်တယ်။ သူများသောက်လို့ ဘာမသိညာမသိ
လိုက်သောက်တာလည်း ရှိသေးတယ်။ အသည်းကွဲသမားတွေလည်း
အရက်နဲ့ အဖော်ပြုကြပြန်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်သူတွေလည်း
ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒါက လူနည်းစုပါ။
အရက်လို့ပြောရင် ဝိသေသလေးတွေပါ ထည့်ပြောမှ ပိုပြည့်စုံတယ်။အရက်မှန်ရင်
ခါးရတယ်။ မူးရတယ်။ နောက်ပြီး လူ့စိတ်ကို စွဲလန်းစေတယ်။ ဒီအချက်တွေနဲ့
ပြည့်စုံမှ အရက်လို့ ခေါ်ရတယ်။ အရက်ပါဝင်မှု ၃ရာခိုင်နှုန်းကနေ
၄၀ရာခိုင်နှုန်းကြား ပါဝင်ရင် ယမကာလို့ ခေါ်ပြန်တယ်။ အင်္ဂလိပ်လိုဆိုရင်
alcoholic beverage လို့ ခေါ်ရမှာပေါ့။ ဘီယာ၊ဝိုင်၊ထန်းရည် စတာတွေဟာ
ယမကာအမျိုးအစားတွေပဲ ဖြစ်တယ်။ အုန်းရည် ပါ၊မပါတော့ အကျယ်တဝင့်
မဆွေးနွေးလိုပါ။ ပေါင်းခံပြီး ရလာတဲ့အရည်ကိုလည်း alcohol လို့ သုံးပါတယ်။
အရက်အကြောင်းပြောတဲ့အခါ alcohol percentage(%)က
အရေးကြီးတယ်။ အနောက်နိုင်ငံတွေမှာ အရက်ပါဝင်မှု ပမာဏ(alcohol by volume)နဲ့
တွက်ပါတယ်။ ABVလို့ အတိုကောက်ခေါ်တယ်။ သောက်စရာ အရည် 100ml ထဲမှာ ပါဝင်တဲ့
အရက်စစ်စစ်(ethanol)ပမာဏကို မီလီလီတာ(ml)နဲ့ တွက်ချက်ပြီး ဖော်ပြရတယ်။
အရက်(ethanol)ပါဝင်မှု အချိုးအဆ ပေါ်မူတည်ပြီး နာမည်တွေကွဲသွားတယ်။ ဥပမာ
ဘီယာမှာ ethanol ၅ရာခိုင်နှုန်း ပါဝင်တယ်။ ဝိုင်ဆိုရင် ၁၅ရာခိုင်နှုန်း၊
ကိုရီယားတွေသောက်တဲ့ ဆိုဂျူးမှာ ၂၀ရာခိုင်နှုန်းစီ ပါဝင်ကြတယ်။ ဒီထက်
နည်းနည်းမြင့်တဲ့ ဗော့ကာနဲ့ ဘရန်ဒီမှာ ၄၀ရာခိုင်နှုန်း လောက် ပါဝင်တယ်။
အရက်ပြင်းပြင်း ကြိုက်သူတွေက ethanol ပါဝင်မှု ထက်ဝက်လောက်
(၅၀ရာခိုင်နှုန်း)လောက် ရှိတဲ့ ရမ်၊ဂျင်၊ဝစ်စကီစတာ တွေကို သောက်ကြတယ်။
တချို့ရမ် အပြင်းစားတွေကတော့ ၈၀ရာခိုင်နှုန်းလောက် ပါဝင်နိုင်တယ်။
ပိုပြင်းတာက ဆေးရုံ၊ဆေးခန်းတွေမှာ သုံးတဲ့ အရက်ပြန်ဖြစ်ပါတယ်။ အရက်ပြန်မှာ
ethanol(95%)နဲ့ methanol(5%)ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း methylated
spiritလို့ ခေါ်တာပါ။
အဲဒီအရက်ပြန်ကိုပဲ ယူအက်စ်နဲ့ ကနေဒါမှာ denatured alcoholလို
ခေါ်ပါတယ်။ အတတ်ဆန်းသူတွေက အရက်ပြန်ကို ဆားခပ်ပြီး သောက်ကြပါတယ်။
သောက်ပါများရင် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး
မျက်စိကွယ်တာ၊ရူးကြောင်ကြောင်ဖြစ်တာ၊အသက်ဆုံးရှုံးတာမျိုး ဖြစ်နိုင်တယ်။
အရက်သောက်သူတိုင်းမှာ drinking tendency
ဆိုတာရှိပါတယ်။သောက်မြဲသောက်ချင်တဲ့ ဆန္ဒပေါ့။ အရက်ဖြတ်သူတိုင်းဟာ ဖြတ်စမှာ
နေလို့ထိုင်လို့မကောင်းကြတာ အမှန်ပဲ။ ဥပမာ ဒီနေ့အရက်မသောက်တော့
ဖူးဆိုပါတော့။ သူသောက်နေကျအချိန်
ရောက်ရင် မသိစိတ်က သောက်ဖို့တိုက်တွန်းနေပြီ။ ရနေကျအရာတခု မရတဲ့အခါ
ခန္ဓာကိုယ်က သတိပေးတယ်။ အဲလိုအချိန်မျိုးမှာ ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိတော့ဘူး။ အရက်ဖြတ်စမှာ အရက်နာကျတဲ့လက္ခဏာတွေ ခံစားရတယ်။
• ချွေးအလွန်အကျွံထွက်ခြင်း
• နှလုံးခုန်မြန်လာခြင်း
• ကတုန်ကယင်ဖြစ်ခြင်း
• ညအိပ်မပျော်ခြင်း
• ထင်ရောင်ထင်မှားဖြစ်ခြင်း၊
• ကယောင်ကတမ်းပြောခြင်း၊
• ပျို့ချင်၊အန်ချင်ဖြစ်ခြင်း
• စိတ်တိုလွယ်ခြင်း
• စိတ်အပြောင်းအလဲမြန်ခြင်း
• တက်ခြင်း
အဆိုပါ လက္ခဏာတွေဟာ ၅ရက်မှ ၇ရက်ထိကြာတတ်ပါတယ်။ အရက်ကို နှစ်ပေါင်းများစွာ
အလွန်အကျွံသောက်ပြီးမှ ဖြတ်သူတွေ ပိုခံစားရတယ်။ အများစုဟာ အရက်ဖြတ်ပြီး
၃ရက်လောက်နေရင် စဖြစ်ကြတယ်။ တကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေပြီး
ကယောင်ကတန်းအော်ဟစ်တာ၊ တောင်စဉ်ရေမရ ပြောတာမျိုးတွေ ရှိတယ်။
သူများမမြင်ရ၊မကြားရတာတွေ မြင်နေကြားနေရတယ်။ ဒါမျိုးကို Delirium tremens
လို့ခေါ်ပါတယ်။ လူ(၂၀)မှာ (၁)ယောက်လောက်ဟာ ဒီလို ပြင်းထန်တဲ့လက္ခဏာတွေ
ခံစားရတယ်။ ခံစားရတဲ့အခါ စိတ်မနိုင်တဲ့ အရက်သမားအချို့က အရက်ပြန်သောက်ကြပြန်ရော။ ဒီလိုနဲ့ ဖျက်လိုက်၊သောက်လိုက် သံသရာလည်နေတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၃.၁၁.၁၄)
No comments:
Post a Comment