Tuesday, May 26, 2015

Phenolphthalein ပန်းရောင်တရုတ်ဝမ်းနှုတ်ဆေး

-အရပ်အခေါ်ပန်းရောင်တရုတ်ဝမ်းနှုတ်ဆေးထဲမှာ phenolphthalein ပါဝင်ပါတယ်။
-ဆေးဗူးတစ်ဗူးမှ အလုံး၁၀၀ ပါဝင်တယ်။
- စာတွေကို တရုတ်လိုရေးထားတယ်။ တရုတ်ပြည်က တင်သွင်းတယ်။
-အထဲမှာ ပန်းရောင်အလုံးသေးလေးတွေမို့ တရုတ်ဝမ်းနှုတ်ဆေး ပန်းရောင်လို့ လူသိများတယ်။
အသုံးဝင်ပုံများ
-ဝမ်းနှုတ်ဆေး၊ဝမ်းပျော့ဆေးအဖြစ် အဓိကသုံးစွဲကြပါတယ်။
-အရောင်ချွတ်ဆေး အဖြစ်လည်း သုံးစွဲနိုင်တယ်။
-ဓာတ်ခွဲခန်းတွေမှာလည်း သုံးစွဲကြသေးတယ်။acid-base indicator လို့လည်းခေါ်တယ်။အက်ဆစ်ဓာတ်ရှိရင် အရောင်မရှိပဲ colourless ဖြစ် နေမယ်။pH indicator 8 အထက်မှာ ရှိမှ အရောင်စတင် ပြောင်းလဲတယ်။အယ်ကာလီ(base)ဖက်ရောက်ရင်  ပန်းရောင်စတင်သန်းလာတယ်။
အယ်ကာလီ သိပ်များပြီး pH 12 အထက်ရောက်ရင် မူလအရောင် colourless ပြန်ဖြစ်သွားတယ်။
-ဆေးပညာမှာ နောက်အသုံးပြုနိုင်တာတခုက လူသွေးဟုတ်မဟုတ် စစ်ဆေးနိုင်တယ်။ဟေမိုဂလိုဘင်(Haemoglobin)ပါရင် pinkပန်းရောင် ပြောင်းသွားတယ်။မှုခင်းဆေးပညာမှာ အသုံးကျတယ်။
-ပိန်ဆေး(သောက်ဆေး၊ပီကေ၊ချောကလက်)တချို့မှာ ထည့်တတ်ကြသေးတယ်။

Phenolphthalein ကို ဂျာမန်ဓာတုဗေဒပညာရှင် အဒေါ့ဖ် ဗွန်ဘေယာ(Adolf von Baeyer)က ၁၈၇၁မှာ စတင်တွေ့ရှိခဲ့တယ်။ဓာတ်ခွဲခန်းမှာ ဆာလ်ဖျုရစ်အက်ဆစ်ထဲကို phenolနဲ့ phthalic acidဓာတ်ပြုစေခြင်းမှ ထွက်ပေါ်လာတယ်။

ဆေးညွှန်း
-ညမအိပ်ခင် အသုံးများကြတယ်။
-၂နှစ်နဲ့ ၅နှစ်ကြားမှာ 15mgမှ 25mg တနေ့ တစ်ကြိမ်၊နှစ်ကြိမ် ပေးနိုင်တယ်။
-၅နှစ်နဲ့ ၁၂နှစ်ကြား 25mg မှ 50mg ထိပေးနိုင်တယ်။
-၁၂နှစ်အထက်မှာ 50mgမှ 200mg သုံးစွဲပေးနိုင်တယ်။

ဆေးသောက်ပြီး ၆-၈နာရီအတွင်း ဝမ်းသွားမယ်။
ဆေးဖြတ်ပြီး နှစ်ရက်သုံးရက်ထိ သွားနိုင်သေးတယ်။
တထိုင်တည်း ဆေးလုံးအများကြီးသောက်တာလဲ မကောင်းဘူး။
ရေရှည်မသုံးစွဲသင့်ဘူး။
ကလေးငယ်လွန်းရင် မတိုက်သင့်ဘူး။အထူးသဖြင့် ၂နှစ်အောက်တွေ၊
အရင်က OTC ဆရာဝန်လက်မှတ်မလိုပေမဲ့ ၁၉၉၉နောက်ပိုင်းမှာ prescribed drug အဖြစ် ပြောင်းလဲသတ်မှတ်လာတယ်။ဝမ်းနုတ်ဆေးအနေနဲ့ အသုံးပြုမှုပိုမိုနည်းလာတယ်။ နောက်တချက်က carcinogenic ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆတွေ များလာတာလည်း တခုအပါအဝင်ပါ။ colonအူမကြီး နဲ့ ovaryသားဥအိမ်ကင်ဆာ ဖြစ်စေတယ်ဆိုတဲ့ အချက်တွေက အသုံးပြုသူတွေကို သတိပေးလိုက်သလို ဖြစ်လာစေတယ်။ မြန်မာနိုင်ငံမှာတော့ အခုချိန်ထိ ရောင်းကောင်းတုန်း၊သုံးစွဲနေကြတုန်းပဲ။ အထူးသဖြင့် တရုတ်လူမျိုးတွေပဲ။ရေရှည်စွဲသောက်ကြတာ အခုချိန်ထိပဲ။ ဘေးထွက်ဆိုးကျိုးမသိလေတော့ ပျော်ပျော်ကြီးကို သုံးစွဲနေကြတယ်။ ဆီးအိမ်ပြဿနာနဲ့ ဆေးခန်းရောက်လာတဲ့ အသက်၇၀ တရုတ်အဖွားအိုကြီး တယောက်ကို သတိရမိတယ်။ ဝမ်းမှန်အောင် သောက်တာ နှစ်၂၀ ကျော်ပြီဆိုပဲ။ရှည်ရှည်ဝေးဝေး သိပ်ပြောမနေနိုင်အားပဲ တခြားဆေး ပြောင်းသောက်ပါလို့ မှာလိုက်ရတယ်။ဒါတွေများသိရင် စိတ်သောကရောက်မှာက အရင်ဆိုတာ သိလို့လည်းပါတယ်။ဆေးကုရတာလွယ်သလောက် စိတ်ကိုကုရတာလောက် ခက်ခဲတာ မရှိဘူး။ စိတ်မာရင် တော်ရုံရောဂါလောက်ကို ကြောက်စရာမလိုဘူး။

မသုံးစွဲသင့်သူများ
-ကျောက်ကပ်ရောဂါ အခံရှိသူ၊
-ဓာတ်မတဲ့သူ၊
-အသည်းမကောင်းသူ၊

ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်
-ဗိုက်နာ
-ဝမ်းသွား
-ဆေးမတဲ့တာ ဖြစ်နိုင်တယ်
ရေရှည်သုံးစွဲရင် အူမကြီးကင်ဆာ၊ဆီးလမ်းကြောင်း ကင်ဆာ၊သားဥအိမ်ကင်ဆာ၊lymphoma၊sarcoma စတာတွေ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

သတိပြုရန်
ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ မသုံးစွဲသင့်ဘူး။


ဒေါက်တာ အေးမင်းထူး
၁၈.၂.၁၃

No comments:

Post a Comment