Tuesday, May 26, 2015

ဆေးဝါးကမ္ဘာနှင့် ခဏတာ

မေး-ပထမဆုံးအနေနဲ့ Medicine World ကို စပြီး ဖွင့်လှစ်ခဲ့တဲ့ အချိန်ကာလလေးကိုပြောပြပါဦး ဘယ်လောက်ကြာပြီလဲ ။
ဖြေ-Medicine Worldဆေးဆိုင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၃ရက်မှာ ဖွင့်ဖြစ်သွားတာကလည်း ကျွန်တော့်မွေးရက် ဖြစ်တဲ့၂၃နဲ့တူလို့ မှတ်ရလွယ်အောင် အဲဒီရက်မှာ ဖွင့်လှစ်ခဲ့တာပါ။ 
မေး-ဒီဆေးဆိုင်လေးကို ဖွင့်လှစ်လိုက်ရတဲ့ရည်ရွယ်ချက်လေးကိုပြောပြပေးပါ။
ဖြေ-ရည်ရွယ်ချက်က နှစ်ခုရှိတယ်ဗျ။ တစ်ခုက ဆေးမျိုးစုံကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ ။ နောက်တစ်ချက်က ဆေးတွေအပြင် တခြားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုပါ တဆိုင်တည်း၊တနေရာတည်းမှာ ရရှိနိုင်စေဖို့လည်း ပါပါတယ်။ဆေးဝါးပိုင်းနဲ့ ပတ်သက်ပြီးတော့ တော်တော်စုံလင်နေပါပြီ။ ကျန်းမာရေးအထောက်အကူပစ္စည်းတွေကိုတော့  စုံလင်အောင် ကြိုးစားနေဆဲပါ။ ဖြည်းဖြည်းချင်းတော့ ဖြစ်လာမှာပါ။ 
မေး-ဘယ်လို ဆေးအမျိုးအစားတွေကို တင်ပြီးရောင်းချပါသလဲ ။
ဖြေ-မြန်မာဆေး၊ အင်္ဂလိပ်ဆေးနဲ့ တရုတ်တိုင်းရင်းဆေး စသည်ဖြင့် မျိုးစုံရောင်းချပေးပါတယ်။ သောက်ဆေး၊လိမ်းဆေး၊ထိုးဆေး၊ကပ်ခွာဆေးတွေလည်း ရရှိနိုင်ပါတယ်။ တတ်နိုင်သမျှတော့ အစုံလင်ဆုံးဖြစ်အောင် ရောင်းချပေးနေပါတယ်။ လက်လှမ်းမှီသမျှ အကုန်လုံးထားတယ်။ ဒီဆိုင်ဖွင့်ခါစက မြန်မာနိုင်ငံမှာ ဝင်သမျှဆေးမျိုးစုံထိ ထားဖို့ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ဈေးကွက်အနေအထား၊ ကုမ္ပဏီတွေရဲ့ ဆေးဝါးတင်သွင်းမှုအရ ဆေးအကုန်လုံးရဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီနေ့ချိန်ထိ ကုမ္ပဏီက လာစပ်တဲ့ဆေးတော်တော်များများကို မှာပြီးတင်ထားဖြစ်တယ်။ အသစ်ဝင်လာတဲ့ ကုမ္ပဏီပစ္စည်းတွေ တင်ချင်တာ ရှိရင်လည်း consignment ထားပေးတယ်ဆိုရင် တင်ပေးလိုက်တယ်။ နေရာပုပ်တယ်ဆိုပေမယ့် သူလည်းအကျိုးရှိသလို ကိုယ်လည်းအကျိုးမယုတ်ပါဘူး။တချို့ဆေးတွေဟာ ကုမ္ပဏီမှာကို မှာလို့မရဘူး။ အဲဒါမျိုးဆိုရင်တော့ မတတ်နိုင်ဘူးပေါ့။
မေး-ဆေးလာဝယ်တဲ့ Customer တွေအတွက်ဘယ်လိုဝန်ဆောင်မှုတွေပေးပါသလဲ ဥပမာ တချို့ဆေးဆိုင်တွေဆို သွေးပေါင်ချိန်တိုင်းပေးတာ ဆီးချို သွေးချို စစ်ပေးတာ စသဖြင့်ပေါ့ ။
ဖြေ-ပုံမှန်အားဖြင့်တော့ ဒီလိုဝန်ဆောင်မှုမျိုး မရှိပါဘူး။ တခါတရံ ဝယ်တဲ့ပမာဏများရင် ဘောပင်၊စာအုပ်၊ key chain စသည်ဖြင့် လက်ဆောင် ပေးတာမျိုးတော့ ရှိပါတယ်။ ကျွန်တော် ဆေးခန်းထိုင်ဖြစ်တဲ့အချိန်တွေမှာ ဆိုရင်တော့ စစ်ချင်တယ်ဆိုရင် ဝင်စစ်သွားကြတာပါပဲ။  အဓိက ကျွန်တော်တို့ပေးတဲ့ဝန်ဆောင်မှုက ဆေးတစ်ခု လာမေးရင် သူတို့လာဝယ်တဲ့ဆေးအတိုင်း လုံးဝတူတဲ့ ဆေးမျိုးပေးနိုင်အောင် ကြိုးစားပါတယ်။ နံပါတ်နှစ်အနေနဲ့ မရဘူးဆိုရင် ကုမ္ပဏီကွဲပြီး ဆေးချင်းတူတဲ့ဆေးမျိုး ပြပေးတယ်။ နံပါတ်သုံးက ဆေးချင်းတူတာမှလိုချင်တယ်ဆိုရင် ကုမ္ပဏီကတိုက်ရိုက် မှာလို့ရတဲ့ဆေးမျိုးဖြစ်ရင် မှာပေးလိုက်ပါတယ်။ နောက်အရေးကြီးတဲ့အချက်က ဈေးဝယ်ကို ကျွန်တော်တို့ အလေးထားတယ်။ အသုံးနည်းတဲ့ဆေးဖြစ်လို့ တခြားဆိုင်တွေမှာ မရနိုင်ဘူးဆိုရင် တတ်နိုင်သမျှ မှာပေးတယ်။ ကျွန်တော်တို့ဆေးဆိုင်လာဝယ်တဲ့ customerတွေက ဒီအချက်ကိုတော့ အသိအမှတ်ပြုကြတယ်။ ဈေးဝယ်တယောက်လာလို့ ကိုယ့်ဆိုင်မှာမရဘူးဆိုရင် ဒီဆေးမျိုးကို မှတ်ပြီး နောက်ရက်တွေမှာ ရနိုင်အောင် ကြိုးစားပါတယ်။ ဒီလိုဝန်ဆောင်မှုတွေတော့ ရှိပါတယ်။

မေး-Medicine World မှာ ဆေးရောင်းတဲ့ဝန်ထမ်းတွေကို ဘယ်လိုပညာအရည်အချင်းမျိုးရှိတဲ့ဝန်ထမ်းတွေခန့်ထားပါသလဲ ( ဥပမာ နာ့စ် ၊ဆေးဝါးကျွမ်းကျင်၊ ဆရာဝန် )
ဖြေ-ကျွန်တော့်ဆိုင်မှာ ရှိတဲ့ဝန်ထမ်းတွေကို ဆေးဝါးကျွမ်းကျင် အနည်းဆုံး ၆လ လောက် သင်တန်းတက်ထားတဲ့သူတွေကိုပဲ ခေါ်ပါတယ်။ ဘာပဲပြောပြော ဆေးဝါးအကြောင်း သာမန်လူထက်စာရင်တော့ ပိုနားလည်တာပေါ့။ ကျွမ်းကျင်ဖို့ကတော့ ဆက်လေ့လာရတယ်။ နောက်တချက်က ဈေးဝယ်သူရဲ့ ယုံကြည်မှုရဖို့ကလည်း အရေးကြီးတယ်လေ။ ဆေးတော်တော်များများကို သိအောင် လေ့ကျင့်ပေးရတဲ့အပိုင်းတော့ ရှိပါတယ်။သူတို့ကလည်း ဒီမှာလက်တွေ့သင်ရတာဖြစ်တော့ ပိုအဆင်ပြေတယ်။ ပညာတကယ် လိုချင်တဲ့သူဆိုရင်တော့ အဆင်ပြေကြပါတယ်။ ကျွန်တော့်အနေနဲ့  အရေအတွက်ထက် အရည်အချင်းကို အဓိကထားတယ်။ ပိုအရေးကြီးတာက စာရိတ္တပိုင်း။ စာရိတ္တကောင်းပြီး အရည်အချင်းရှိသူတွေကိုပဲ ဦးစားပေးရွေးချယ်ပါတယ်။
မေး-ဆေးကုမ္ပဏီတွေကနေ တိုက်ရိုက်မှာယူ ရောင်းချပေးတာလား ဒါမှမဟုတ် လက်လီအနေနဲ့ သွားဝယ်ပြီး ဆေးဆိုင်မှာ ပြန်တင်ရောင်းချတာလား ။
ဖြေ-အဓိက ကတော့ ဈေးပါပဲ။ တချို့ ကုမ္ပဏီဆေးတွေ ယူလို့ ဈေးမကိုက်ဘူးဆိုရင် လက္ကားဖြန့်ပေးတဲ့ဆေးဆိုင်တွေကနေ ယူလိုက်တယ်။ ဈေးကိုက်တယ်ဆိုရင်တော့ ကုမ္ပဏီက တိုက်ရိုက် အော်ဒါ မှာတာများတယ်။ နောက်ပိုင်းမှာ ဈေးကိုက်အောင် လုပ်ပေးတဲ့ ကုမ္ပဏီတွေဆီကပဲ ဝယ်တာများပါတယ်။ creditအကြွေးပေးတဲ့အချိန်ကလည်း ကုမ္ပဏီတွေက ပိုပေးနိုင်တယ်။နောက်တစ်ချက်က သူတို့ဆီက အားပေးချင်တာလည်း တပိုင်းပေါ့။ တချို့ဆေးကုမ္ပဏီဝန်ထမ်းတွေဆို orderရ ရင်တော်တော်ဝမ်းသာကြတာ တွေ့ရတယ်။ ဒါ့ကြောင့် ကျွန်တော့်ကို ဈေးကိုက်အောင် လုပ်ပေးတဲ့ ဆေးကုမ္ပဏီဆိုရင် ဝယ်ဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်လိုချင်တဲ့ ဆေးတိုင်းက လက္ကားဆိုင်တွေမှာ မရနိုင်တာမျိုးရှိတယ်။ လက္ကားရဲ့ သဘောက အသုံးများတဲ့ဆေးလောက်ပဲ တင်တာများတယ်။ ကျွန်တော်က ဆေးခန်းပါတွဲဖွင့်ထားတာ ဖြစ်တဲ့အတွက် ဆေးခန်းသုံးဖို့ဆိုရင် သူတို့ဆေးအမယ်တွေက နည်းနေသေးတယ်။ တချို့လက္ကားဆိုင်တွေဆိုရင် ဒီလိုဆေးတွေရှိပါလား ဆိုတာတောင် မသိကြဘူး။ ဆိုင်ကြီးတွေ နှစ်ပါင်းများစွာ ဖွင့်ထားပေမယ့် ဆေးအမျိုးအစားတွေ ကောင်းကောင်း မသိကြတာလည်း တွေ့ရတယ်။ အမှန်က ဆေးရောင်းတာကြာရင်တော့ သိသင့်တာပေါ့။
မေး-ဆေးဆိုင်မှာ ဆေးကုသတဲ့ဆေးခန်းမှာ တွဲပြီးဖွင့်ထားပါသလား။ ဖွင့်ထားခဲ့ရင် ဆရာဝန်အမည်လေးသိပါရစေ။
ဖြေ-ဟုတ်ကဲ့။ ဆေးဆိုင်ကော၊ ဆေးခန်းပါ တွဲပြီးဖွင့်ထားပါတယ်။  ကျွန်တော်က ဒေါက်တာ အေးမင်းထူးပါ။ ဆေးဆိုင်ကို မနက် ၈နာရီကနေ ည ၈နာရီထိ ဖွင့်ပေးပါတယ်။ ဆေးခန်းကတော့ မနက်တစ်ချိန်၊ ညနေ တစ်ချိန် စုစုပေါင်းနှစ်ချိန် ထိုင်ဖြစ်တယ်။ မနက်ပိုင်းဆေးခန်းထိုင်ချိန်က ၈-၉နာရီထိပါ။ ညနေပိုင်းမှာ ၄-၇နာရီထိ ထိုင်ဖြစ်ပါတယ်။ ဆေးဆိုင်အနေနဲ့ တနေကုန်ဖွင့်ထားပါတယ်။

မေး-အင်္ဂလိပ်ဆေးတင်မကပဲ တခြားဘယ်လိုဆေးပစ္စည်း အမျိုးအစားတွေရော ရောင်းချပေးပါသလဲ ။
ဖြေ-ခုနက ပြောခဲ့သလို မြန်မာဆေး၊တရုတ်ဆေး စတာတွေလည်း အမျိုးမျိုးရောင်းချပေးတယ်။ ဟာဘယ်ဆေး၊ တိုင်းရင်းဆေး စတာတွေလည်း ရရှိနိုင်တယ်။ အရင်တုန်းက အနှိပ်စက်မျိုးစုံ၊အပူပေးကိရိယာတွေ၊ ဆီးချိုတိုင်းစက်တွေ၊ ဒစ်ဂျစ်တယ် သွေးပေါင်တိုင်းကိရိယာတွေလည်း တင်ထားတယ်။ဒီနှစ်ပိုင်းအတွင်းမှာ ဆေးပစ္စည်းတွေ ထပ်မံတိုးချဲ့ဖို့ စီစဉ်ထားပါတယ်။ ဆေးမျိုးစုံတင်မကတော့ဘဲ ကျန်းမာရေးအထောက်ကူပစ္စည်းတွေပါ ပူးတွဲရောင်းချပါမယ်။လာစပ်ထားတဲ့ ကုမ္ပဏီအချို့တော့ ရှိပါတယ်။ အဆင်ပြေရင် ဆက်လက်တိုးချဲ့မှာပါ။ နောက်ပိုင်း အဆင်ပြေရင် အသုံးနည်းပေမယ့် လူနာအတွက် အကျိုးပြုမယ့်ပစ္စည်းတွေပါ ထားနိုင်အောင် ကြိုးစားပါမယ်။ 

မေး-Medicine World အနေနဲ့ ပြည်သူတွေကို ပြောချင်တဲ့အချက်ရှိရင်ပြောပေးပါ။
ဖြေ-ဆေးဆိုင်အနေနဲ့ ပြောရမယ်ဆိုရင် စပ်ဆေး ပြဿနာကို အဓိက ပြောချင်ပါတယ်။ လမ်းဘေး ဈေးဆိုင်၊ကွမ်းယာဆိုင်တွေမှာ အလွယ်တကူရနေတဲ့ စပ်ဆေးတွေ အသုံးပြုတာ လုံးဝအားမပေးပါဘူး။ စပ်ဆေးဆိုတာ ဆေးငါးမျိုး၊ခြောက်မျိုးကို ပေါင်းစပ်ထားတဲ့ အထုပ်လေးတွေကို ပြောတာပါ။ တရုတ်ပြည်ကလာတဲ့ အရည်အသွေး၊ ကွာလတီ အာမခံချက်လုံးဝမရှိတဲ့ အပေါစားဆေးတွေကို ပေါင်းစပ်ပြီး အထုပ်ကလေးတွေလုပ်ပြီး ရောင်းချပါတယ်။ တစ်ထုပ်မှ ၅၀၊၁၀၀ လောက်ပဲ ပေးရမယ်ထင်တယ်။ ကမ္ဘာပေါ်မှာ ဈေးအပေါဆုံးနဲ့ဘေးထွက်ဆိုးကျိုး အများဆုံးဆိုတဲ့ဆေးတွေကို တစ်မျိုးမက ရောစပ်ထားပါတယ်။ ဒီလိုဆေးတွေကြောင့် ဒုက္ခရောက်သူလည်း မနည်းပါဘူး။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စပ်ဆေးသုံးတာမျိုးလုံးဝရှောင်ကြဉ်သင့်ကြောင်း အကြံပြုလိုပါတယ်။ ဆိုင်မှာတော့ စပ်ဆေး လုံးဝမရောင်းချပေးဘူးလို့ တခါတည်း အသိပေးကြေညာထားပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ ပြောရရင် လူနာတွေအနေနဲ့ ဆေးဝါးနာမည်တွေကို သိပ်အယူမသည်းစေချင်ဘူး။ အရေးကြီးတာက ပါဝင်တဲ့ဆေးအမျိုးအစားတူဖို့နဲ့ ဆေးပမာဏတူဖို့ပါပဲ။ ဒီနှစ်ချက်တူဖို့ပဲ အရေးကြီးတာပါ။ နောက်တစ်ချက်က ဟိုလူကောင်းတယ်ပြော၊ဒီလူကောင်းတယ်ပြောတဲ့ဆေးတွေကို သောက်တာမျိုးလဲ ရှောင်ကြဉ်စေချင်တယ်။ ရောဂါအနေအထား၊ ဆေးနဲ့တဲ့၊မတဲ့ဆိုတာလည်း ရှိသေးတယ်။ အဲဒီ နှစ်ချက်ကို အထူးအလေးထားဖို့ တိုက်တွန်းချင်ပါတယ်။
မေး-၀ယ်ယူချင်တဲ့သူတွေအတွက် ဆေးဆိုင်လိပ်စာလေးပြောပြပေးပါ ။
ဖြေ-Medicine Worldဆေးဆိုင်ကို ၆၄လမ်း၊ ၃၈လမ်းနဲ့ ၃၉လမ်းကြား၊မန္တလေးမြို့မှာ ဖွင့်လှစ်ထားပါတယ်။ မိမိလိုချင်တဲ့ဆေးရှိ၊မရှိကို ၀၉-၄၀၂၅၈၈၁၄၈ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆေးဝါးတွေအကြောင်း အင်တာနက်စာမျက်နှာက ဝင်ရောက်ဖတ်ရှုချင်တယ်ဆိုရင်လည်း medicineworldmyanmar.blogspot.comမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ရောဂါတွေအကြောင်း၊ဆေးပညာအကြောင်း ဖတ်ရှုချင်ရင် drayeminhtoo.blogspot.comမှာ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သတင်းကောင်းပါးလိုပါတယ်။ "အားလုံးအတွက် medicine world" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လာရောက်အားပေးကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
Health For All ကျန်းမာရေး မဂ္ဂဇင်း
စက်တင်ဘာ၊၂၀၁၃
(Medicine World ဆေးဆိုင်နှင့် ဆေးခန်းကို ၆၄လမ်း၊၃၇နှင့် ၃၈လမ်းကြားသို့ ပြောင်းရွေ့ဖွင့်လှစ်ထားပါသည်။)

No comments:

Post a Comment