စိတ်ကျရောဂါလို့ အမည်တပ်ဖို့ နည်းနည်းခက်တယ်။ဖြစ်တာတွေ တယောက်နဲ့တယောက် တူချင်မှ တူမယ်။ စိတ်ကျရောဂါတွေမှာ
လက္ခဏာတွေ ကိုယ်စီရှိတယ်။ အဆင့်သတ်မှတ်ချက်၊ရောဂါအပျော့အပြင်းလည်း
မတူကြဘူး။ဝေဒနာခံစားရသူတွေဟာ အစွန်းနှစ်ပါး မလွတ်ကင်းကြတာများတယ်။
စားချင်စိတ်ကဲသူရှိသလို ဘာစားစား ခံတွင်းမတွေ့ပဲ အစားအသောက်ပျက်တာလည်း
ရှိတယ်။ တချို့က အအိပ်ပျက် အအိပ်ခက်ပေမယ့် တချို့က အိပ်ပြီးရင်း
အိပ်ချင်တတ်တယ်။ မျက်တွင်းဟောက်ပက် အိပ်ရေးပျက်တာ
စိတ်ရောဂါနဲ့သက်ဆိုင်တတ်တယ်။ ဒါကိုပဲ ပတ်ဝန်းကျင်က အတင်းပြောတော့
အပျင်းကြီးတယ်ဖြစ်တယ်။ အမှန်က ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့
ခန္ဓာကိုယ်နရီစီးချက် မမှန်တော့ပဲ စိတ်ပျက်၊အအိပ်ပျက် အစားပျက်ပြီး လူက
ပိန်ချုံးလာတတ်တယ်။ တချို့ကလည်း အစားအသောက်တွေပိုစားလာတယ်။ စိတ်ခံစားမှုကို
ဒီနည်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားရငိး ဝလာကြတယ်။ ဝလို့လှတယ်ဆိုချင်သူတွေ
သတိထားပါလေ။
ဆယ်ကျော်သက်တွေမှာ
ဖြစ်ရင် စကားအပြောအဆိုနည်းပြီး အပြုအမူကစ လေးလံထိုင်းမှိုင်းလာတာ
သိသာတယ်။ အပြုသဘောမှန်သမျှ ကိုယ်နဲ့မဆိုင်သလို အပျက်သဘောတွေသာ
တွေးမြင်လုပ်ကိုင်လာတယ်။ ဘာ့ကြောင့်မှန်းအဖြေရှာမရပဲ
အကြောင်းမဲ့ဝမ်းနည်းနေတတ်တယ်။ တချို့က အကြောငိးခံမယ်မယ်ရရ မရှိဘဲ
အော်ဟစ်ငိုကြွေးတာမျိုး လုပ်လာတယ်။ စိတိတိုလွယ် ဒေါသကြီးလွယ်တာလည်း
ရှိပါတယ်။တဖက်သားကို အလိုလိုမုန်းတီးနေပြီး လောကကြီးနဲ့ သဟဇာတ
မဖြစ်သလိုခံစားရတယ်။ ဆုံးဖြတ်ချက် မှန်သမျှ မှားယွင်းလာတယ်။ နေ့စဉ်
မျှော်လင့်ချက်ကင်းမဲ့ တတွေတွေတမှိုင်မှိုင်နဲ့ ဝမ်းနည်းပူဆွေးတတ်တာ
စိတ်ကျရောဂါရဲ့ လက္ခဏာပါ။ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသပါလေ။ဒီလိုလူတွေက
နှလုံးနဲ့အစာအိမ်ရောဂါ သူများထက်ပိုဖြစ်တယ်။
အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရတာ အဆိုးဆုံးနဲ့ ခံရအခက်ဆုံးပါပဲ။ နောက်ဆုံးအဆင့် ခေါ်ရမယ်။ လူ့ဘဝကြီးက
အဓိပ္ပါယ်ကင်းမဲ့သလို ခံစားလာရပြီးနောက် လုပ်စရာ
များများစားစားမကျန်တော့ဘူး။ အဆုံးသတ်မှာတော့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး
(suicide)တွေ ဖြစ်လာတယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာတွေလည်း
ခေါင်းထဲမဝင်တော့ဘူး။ တရားသဘောလာမပြောပါနဲ့။ဘာ့ကြောင့်လဲဆိုတော့ ဘဝအတွက်
ထွက်ပေါက်က ဒီတခုတည်းရှိတယ်လို့ ခံစားနေရလို့ပဲ ဖြစ်တယ်။
စိတ်ကျရောဂါဟာ
လူမျိုးဘာသာနဲ့ မဆိုင်ပါဘူး။ အနောက်နိုင်ငံမှာ ဖြစ်သလိုအရှေ့တိုင်းမှာလည်း
တွေ့တယ်။ ပညာတတ်တွေထဲမှာလည်း ဖြစ်ပါတယ်။ အသိဆရာဝန်တယောက်ရှိဖူးတယ်။
ဆရာဝန်ဆိုတော့ ဆေးအကြောင်းနည်းနည်း နားလည်တယ်။ စိတ်အခန့်မသင့်တော့
လောကကြီးကို စိတ်ကုန်လာပြီး suicideလုပ်ဖို့ကြိုးစားတယ်။ လူပြောများတဲ့
ပါရာစီတမော ဗူးလိုက်မော့ပါသတဲ့။ ပါရာစီတမော toxic doseပေးရင်
အသည်းထိခိုက်တာလည်း သိထားပြန်တော့ ရွှေဥာဏ်တော် စူးရောက်ပြီး
ဘာမီတွန်လက်တခုပ်စာ ဆက်သောက်ပြန်တယ်။ သဘောကတော့ ရောဂါဝေဒနာမခံစားရဘဲ
သက်သက်သာသာ ဇီဝိန်ချုပ်အောင်ပေါ့။ ကံကောင်းချင်တော့
ဆေးရုံမြန်မြန်ရောက်သွားပြီး အသက်ကယ်လိုက်နိုင်တယ်။ အသက်ပြန်ရှင်လာပေမယ့်
နောက်ဆက်တွဲကတော့ သေရာပါသွားတယ်။ အရာရာသတိမေ့တတ်တာက မပျောက်တော့ဘူး။ တခါတရံ
ခြေလက် ထုံကျင်တာ ဖြစ်တယ်။ ဒါတွေက စိတ်ကျရောဂါကနေ ဆင့်ကဲဖြစ်တာတွေပါ။
၂၀၁၃
မှာ စစ်တမ်းတခုလုပ်တော့ ချမ်းသာတဲ့နိုင်ငံအများစုဟာ စိတ်ကျရောဂါ
ခံစားရနိုင်ချေ ပိုများတာ တွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဖြေက ရှင်းပါတယ်။
အပြိုင်အဆိုင်လုပ်ရသူတွေရဲ့ စိတ်ဖိစီးမှုဟာ လူသာမန်တွေထက် ပိုပါတယ်။
အလုပ်တာဝန်များသူ၊လူအများနဲ့ ဆက်ဆံရသူတွေဟာ
စိတ်ကျရောဂါခံစားလွယ်လာကြတယ်။ဒီနေ့ကမ္ဘာမှာ
စိုးရိမ်စိတ်အများဆုံး၊စိတ်ဖိစီးမှုအများဆုံးနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီး
နိုင်ငံတွေဖြစ်ပါတယ်။ နှစ်စဉ် အမေရိကန်လူမျိုး (၂၅)သန်းလောက်ဟာ
စိတ်ကျရောဂါခံစားနေရတယ်။ ၁၃မိနစ်တိုင်း လူတယောက်ဟာ suicide သတ်သေမှုကြောင့်
အသက်ဆုံးရှုံးနေတယ်။ အမေရိကားမှာ ကိုယ့်ကိုယ်ကိုသတ်သေမှုကြောင့် သေဆုံးမှုက
နံပတ်(၁၀)မှာ ရပ်တည်နေတယ်။ ထူးဆန်းတာက နှလုံး၊ကင်ဆာ၊HIVလို ရောဂါတွေထက်
စိတ်ကျရောဂါခံစားရသူ အရေအတွက်က ပိုများနေပါတယ်။ အနောက်နိုင်ငံတွေမှာ
အောင်မြင်မှု၊ကျရှုံးမှုကို မခံစားနိုင်သူတွေအတွက် ထွက်ပေါက်က
အရက်၊ဆေးဝါး၊တားမြစ်ဆေးတွေ အလွယ်တကူရှိတယ်။ စိတ်ကိုပြောင်းလဲစေတဲ့
မူးယစ်ဆေးဝါးတွေက စိတ်ကျရောဂါကို ကဲစေတယ်။ အရက်၊ဟော်မုန်း၊ရောဂါဘယတွေကလည်း
စိတ်ကိုသက်ရောက်စေတယ်။ အကြောင်းအရာစုံလို့ တခုတည်းကို
လက်ညှိုးထိုးလို့မရဘူး။
စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက များတယ်။
ဝမ်းနည်းမှုကြေကွဲမှု၊၊အလုပ်အကိုင်၊ဝင်ငွေဆုံးရှုံးမှု၊အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေးတွေနဲ့
သက်ဆိုင်တယ်။ ငယ်စဉ်က
စိတ်အနာတရဖြစ်ဖူးသူ(အဖေအမေကွဲတာ၊အဖိအနှိပ်ခံရတာ၊ဆင်းရဲချို့တဲ့သူ)တွေဟာ
ပိုခံစားကြရတယ်။ မိဘအုပ်ထိန်းမှုညံ့တာနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး။
ပိုဆိုင်တာက ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောငိ့ ဖြစ်တယ်။
လုပ်ငန်းခွင်အပြိုင်အဆိုင်နဲ့ အလုပ်တာဝန်တွေက စိတ်ကိုဖိစီးစေတယ်။
ဒီအချက်တွေက အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေးပြဿနာတွေကိုပါ
ဆင့်ကဲဖြစ်စေတယ်။ နယ်တွေ၊တောရွာတွေမှာကျတော့ ရောဂါအမည်တပ်ဖို့
ပိုကောင်းတယ်။ စုန်းကိုက်သလို၊နတ်ကိုင်သလို အပြုစားခံရသလို
အမျိုးမျိုးပြောကြတာတွေဟာ စိတ်ကျရောဂါကြောင့် ဖြစ်တယ်။ တကယ်တမ်း စိတ်ကျရောဂါအဖြေရှာကြည့်တော့
ဘုရားဟောသလိုပဲ။ "ပုထုဇ္ဇနော ဥမ္မတ္တကော" လူသာမန်တွေရဲ့စိတ်ဟာ
တည်ငြိမ်မှုမရှိ၊ဖောက်လွဲဖောက်ပြန် ဖြစ်တတ်လို့ဆိုတာ တွေ့ရပါတယ်။
ကိလေသာမကင်းသမျှ အတက်၊အကျအပြောငိးအလဲကတော့ ရှိနေမှာပဲ ဖြစ်တယ်။
စိတ်ကျရောဂါရဲ့အခြေခံက စိတ်ထိခိုက်တာနဲ့ စိတ်ဒဏ်ရာရတာပါ။ ဒါကို မကုဘဲထားရင်
ပိုဆိုးတယ်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲကုရတယ်။ ဒါပေမယ့်
စနစ်တကျကုဖို့နဲ့ ခံစားရတဲ့ဝေဒနာ အတိမ်အနက်ကို နားလည်ဖို့လိုတယ်။
ကျနေတာတခုကို ဆွဲတင်ဖို့ဆေးနဲ့ ဆရာလိုပါတယ်။ ဒါပေမယ့် ဆရာဝန်(သို့)
အပေါင်းအဖော်တွေက အားပေးရုံ၊ဖေးမရုံသာ တတ်နိုင်တယ်။ တကယ်ကုရမှာက
ကိုယ့်စိတ်ကို ထိန်းဖို့၊သိမ်းဖို့ ပရမ်းပတာ မဖြစ်စေဖို့ပါ။
စိတ်ကျသူတွေအတွက် လောကကြီးကို မှန်တချပ်လို့ သဘောထားပြီး တခြားဖက်က
မြင်နိုင်အောင် လှုံဆော်ပေးရတယ်။ အကြည့်တွေလွဲနေ၊လောကကြီးကို သုံးသပ်တာတွေ
ပြောင်းလဲနိုင်အောင်ကူညီပေးရတယ်။ စိတ်ပညာရှင်တွေ၊ဆရာဝန်တွေက ဒီနေရာမှာတော့
အသုံးကျပါတယ်။စိတ်ကျဝေဒနာသည်တွေအတွက် ပတ်ဝန်းကျင်
အကူအညီ၊ဖေးမမှု၊စာနာမှု၊နားလည်မှုက အရေးကြီးတယ်။ တခါတရံ
မျှော်လင့်ချက်ကင်းမဲ့သူတွေကို အားပေးရတာ ကုသိုလ်ဖြစ်တယ်။
စိတ်ကျရောဂါကို ကုသလို့ရပါတယ်။ မကုပဲထားရင် ပိုဆိုးလာမယ်။လေ့လာမှုတွေအရ
ဆေးပေးပြီး စနစ်တကျကုသသူရဲ့ (၈၀)ရာခိုင်နှုန်းကျော်ဟာ
တိုးတက်ကောင်းမွန်လာတယ်။ ရောဂါဆိုးလေ ဆေးတိုးလေဆိုတာ စိတ်ကျရောဂါကို
ဆိုလိုတာပါ။ ဆရာဝန်က ဆေးပေးရသလို ဖြစ်သူဖက်က တွေးပေးရတာလည်း ရှိပါတယ်။
ထပ်လိုတာက စိတ်ဓာတ်ခွန်အားနဲ့ အားပေးစကားပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက
ထပ်ဆောင်းပေးရမှာက နားလည်မှုနဲ့ စာနာမှုပါ။ ကိုယ်တိုင်လိုအပ်တာကတော့ မိမိမှာ
စိတ်ကျရောဂါရှိနေပြီဆိုတာသိနေဖို့နဲ့ ပြောင်းလဲချင်စိတ်ရှိဖို့ပဲ
ဖြစ်ပါတယ်။ စိတ်ဆောင်ရင် အရာအားလုံးကို အောင်နိုင်ပါတယ်။ စိတ်ကျရောဂါ
အဖြေရှာပါတော့။
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၅.၁.၁၅)
No comments:
Post a Comment