Monday, May 25, 2015

အစာအဆိပ်သင့်ခြင်း

အစာအဆိပ်သင့်တာကို food poisoining လို့ ခေါ်ပါတယ်။ အစားအသောက်၊ရေ စတာတွေ မသန့်ရှင်းတဲ့အခါ အစာအဆိပ်သင့်နိုင်တယ်။ လူတွေ စားသောက်ကြတဲ့ထဲ မမြင်ရတဲ့ ရောဂါပိုးမွှားတွေ၊ဓာတုပစ္စည်းတွေနဲ့ အဆိပ်အတောက်ဖြစ်မယ့်ဟာတွေ ပါဝင်နေနိုင်တယ်။ ပိုးမွှားတွေထဲမှာ ဗက်တီးရီးယား၊ဗိုင်းရပ်စ်၊ပါရာဆိုက်ပိုး အမျိုးမျိုး ရှိပါတယ်။ ဖြစ်စေတဲ့ ဗက်တီးရီယားထဲမှာ campylobacter နဲ့ E.coli က နာမည်ကြီးတယ်။ ဗိုင်းရပ်ထဲမှာ rotavirus နဲ့ norovirusကြောင့် အဖြစ်များတယ်။ ပါရာဆိုက်ထဲမှာ Toxoplasma၊cryptosporidiumနဲ့ amoeba စတာတွေကြောင့် ဖြစ်တယ်။ အသင့်စား အစားအသောက်မှာပါဝင်တဲ့ ကြာရှည်ခံ ဓာတုပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်တာ တွေ့ရတယ်။ ဒီဖက်ခေတ်ရောက်တော့ အကြောင်းရင်းခံတွေ ပိုများလာတယ်။ အပင်သန်ဆေး၊အသားတိုးဆေးအပြင်
မသန့်တဲ့ရေထိုးနိုင်တာမျိုးတွေကိုပါ ထည့်သွင်း တွက်ချက်လာရတယ်။ အဆိပ်အတောက်ဆိုတဲ့ နေရာမှာ အပင်ကို ဖြန်းတဲ့ pesticide ပိုးသတ်ဆေးတင် မဟုတ်သေးဘူး။ ဗက်တီးရီယားကထွက်တဲ့ toxin အဆိပ်အတောက်တွေကလည်း ဖြစ်စေနိုင်တယ်။ ဥပမာ ရေခဲမုန့်စားပြီးတဲ့အခါ staphylococcus ပိုးကထွက်တဲ့ exotoxinကြောင့် အစာဆိပ်သင့်နိုင်တယ်။ ဆန်ကိုသေချာမဆေးရင် Bacillus cereus ကတဆင့် ဖြစ်နိုင်ပြန်တယ်။ မာကျူရီဓာတ်များတဲ့ ပင်လယ်ငါးတွေကလည်း ဖြစ်စေတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ သိပ်အဖြစ်မများပါ။ သို့သော် ပင်လယ်ငါးက ရရှိတဲ့ ဆေးဝါးတွေကြောင့်တော့ ဖြစ်နိုင်ပြန်တယ်။

အစာဆိပ်သင့်ပြီ
အဆိပ်သင့်တဲ့ ရောဂါလက္ခဏာအများစုဟာ အစာစားပြီး ၁-၃ရက်အတွင်း ပေါ်ပေါက်လာတယ်။ လက္ခဏာတွေကိုလေ့လာကြည့်ရင် ဝမ်းလျှောတာ၊အန်တာ အမြဲရှိတယ်။ အများစုဟာ အစားစားပြီး တရက်အတွင်း အန်တယ်။ ပြီးရင် သက်သာသွားကြတယ်။ ဝမ်းလျှောတယ်ဆိုတဲ့နေရာမှာ ပုံမှန်သွားနေကျထက် အကြိမ်ရေတွက်များပြီး ဝမ်းပျော့သွားတာမျိုးကို ခေါ်ပါတယ်။ ယေဘုယျအားဖြင့် တရက်ကို ၃ကြိမ်အထက် ဝမ်းသွားသူကို ဝမ်းလျှောတယ်လို့ သတ်မှတ်ထားတယ်။ ပိုးပေါ်မူတည်ပြီး သွေးစ၊အကျိအချွဲပါလာနိုင်တယ်။ အနံ့ပြောင်းလဲတတ်တယ်။ဗိုက်နာတာ၊ကိုယ်လက် ကိုက်ခဲတာ ရှိနိုင်တယ်။ ပိုးမွှားတွေကြောင့် ဖြစ်ရင် အဖျားရှိနိုင်တယ်။ အဖျားရှိရင် သတိထားပါ။ 

ရောဂါပေါ်မူတည် ဆေးရုံတက်ရမည်
အစာအဆိပ်သင့်တိုင်း ဆေးရုံတက်ရမယ်ဆိုတာမျိုးတော့လည်း မဟုတ်ပါဘူး။  ရောဂါ အပြင်း၊အပျော့ ပေါ်တော့ မူတည်ပါတယ်။ အများစုဟာ ရောဂါခံစားရပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းကြတယ်။ အကယ်၍ ခန္ဓာကိုယ် ခုခံအားက တိုက်ဖျက်နိုင်ရင် ဒါမှမဟုတ် ပိုးမွှားတွေ ဝမ်းနဲ့အတူ ပါသွားရင် သက်သာသွားတယ်။ အစာအဆိပ်သင့်တဲ့အခါ အရေးကြီးဆုံးက ရေဓာတ်ခမ်းခြောက်တာပါ။ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ဆားဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့သာ အရေးကြီးတယ်။ဓာတ်ဆားရည် သောက်ပါ။ ပါးစပ်က မရရင်အရည်ကို သွေးကြောကတဆင့် သွင်းပေးရတယ်။တခါတရံ ပဋိဇီဝပိုးသတ်ဆေး လိုအပ်လာပါတယ်။ အလားတူ ဒီဆေးတွေကြောင့်ပဲ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေကို သေဆုံးတတ်ပြန်တယ်။ ဒီလိုအခါမျိုးမှာ ဝမ်းက ပုံမှန်ပြန်မဖြစ်တော့ဘူး။ ဝမ်းသွားတာ ကြာနေမယ်။ ဒီအချက်ကို ကုစားဖို့ အလွယ်ဆုံးနည်းက ဒိန်ချဉ်သောက်ပါ။ အကျိုးပြု ပိုးမွှားတွေ ပြန်လည် ဖြည့်တင်းနိုင်မယ်။ တခါတရံ အစာအဆိပ်သင့်တာက လူအစုလိုက် ပြုံပြီး ဖြစ်တတ်ကြတယ်။ သတင်းစာ၊ဂျာနယ်တွေမှာ မကြာခဏ ဖတ်ရမှာပါ။ အလှူအိမ်တွေ၊မင်္ဂလာဧည့်ခံပွဲတွေက  မသန့်တဲ့အစားအစာတွေကို စားသောက်မိရာက ဖြစ်တတ်ကြတယ်။ အသက်အန္တရာယ် စိုးရိမ်ရလို့ ဆေးရုံတက်ရောက် ကုသမှုခံယူသင့်တယ်။ 

ဝမ်းပိတ်ဆေးတန်ခိုး ရောဂါပိုဆိုးစေ
ဝမ်းသွားတဲ့အခါ ဝမ်းပိတ်ဆေးသောက်တာမျိုးက ရောဂါလက္ခဏာကို ပိုဆိုးသွားစေနိုင်တယ်။ ဆေးအာနိသင်ကြောင့် ပိုးမွှားတွေ အပြင်မထွက်နိုင်တော့ဘဲ ပိတ်မိနေတဲ့အခါမျိုးမှာ လူကိုဒုက္ခပေးပါတယ်။ ဝမ်းပိတ်ဆေးတန်ခိုးနဲ့ ရောဂါ ပိုဆိုးသွားစေနိုင်တယ်။ အူထဲမှာ ရှိတဲ့ ပိုးမွှားတွေဟာ အပြင်ကို မထွက်နိုင်တော့ပဲ အူလမ်းကြောင်းထဲမှာ အောင်းနေမယ်။ အောက်က မထွက်နိုင်တဲ့ ပိုးမွှားတွေဟာ အပေါ်ပြန်ဆန်တက်လာတတ်တယ်။ ဒါတင်သာမက ပိုးတွေ ပွားများလာပြီး သွေးထဲရောက်ရင်တော့  အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒီလိုအခါမျိုးမှာ နီးစပ်ရာ ဆေးရုံ၊ဆေးခန်း သွားရောက်ပြသသင့်တယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ ဝမ်းပိတ်ဆေးသောက်တာမျိုး ရှောင်ကြဉ်သင့်တယ်။

သတိပြုဖွယ် ကလေးအရွယ်
အစာအဆိပ်သင့်စေတဲ့ အခြေခံအချက်တွေကို လေ့လာကြည့်တဲ့အခါ ထုတ်လုပ်ပုံ၊ချက်ပြုတ်ပုံ၊ထားသိုပုံနည်းမကျလို့ ဖြစ်ရတာတွေ့တယ်။ ဥပမာ လုံလောက်တဲ့ အပူချိန်မှာ ထိန်းသိမ်းမထားတာ၊သေချာမချက်ပြုတ်မိတာ၊ရေမဆေးတာ၊အစိမ်းစားတာ၊နွားနို့ မကျိုချက်ပဲ သောက်တာမျိုးကြောင့် ဖြစ်တယ်။ သစ်သီးစားတဲ့အခါ ရေနဲ့ သေချာဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။အလားတူ ခွက်ယောက် ပန်းကန်တွေ သေချာဆေးကြောသန့်စင်တာမျိုး လုပ်သင့်တယ်။ အစာမစားခင် လက်ကိုသေချာဆေးကြောသန့်စင်သင့်တယ်။ ကလေးတွေမှာ သန့်ရှင်းမှုအားနည်းတဲ့အခါ အစာအဆိပ်သင့်တတ်တယ်။ ၅နှစ်အောက် ကလေးသူငယ်တွေမှာ ဖြစ်ရင် ရောဂါလည်း ပိုဆိုးတတ်တယ်။ ဒီနေရာမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးအသိက အဓိကကျတယ်။ စနစ်တကျကုသမှုမရှိရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ 

တရားခံဘယ်သူလဲ
အစာအဆိပ်သင့်စေတဲ့ အကြောင်းရင်းကို လေ့လာကြည့်တဲ့အခါ အဓိကကျတဲ့ လက်သည်တရားခံတယောက်က အမြဲလွတ်နေတယ်။ ထိုးထားတဲ့ လက်ညှိုးတွေက အပြင်ဖက်ကိုပဲ ဦးတည်နေတယ်။ ကိုယ့်ဘာသာ ဘယ်သူမှ လက်ညှိုးပြန်မထိုးချင်ကြဘူး။ ဒီနေ့ခေတ်မှာ စီးပွားရေးတွက်ခြေကိုက်အောင် လူတွေက ဥာဏ်နီဥာဏ်နက် အမျိုးမျိုး ကြံဆောင်လာပါတယ်။ သိပ္ပံခေတ်ကို ဗန်းပြပြီး သဘာဝထက်လွန်ကဲတာတွေ၊ပုံမမှန်တာတွေ တီထွင်လုပ်ဆောင်လာကြတယ်။ စမ်းသပ်လာကြတယ်။ သစ်သီးကအစ သားငါးအဆုံး သဘာဝအတိုင်း မဟုတ်တော့ပါ။ နောက်ဆုံး ရေသန့်ကအစ စိတ်မချရတော့တဲ့ခေတ်ရောက်နေပြီ။ အစာဆိပ်မဟုတ်တော့ပဲ လူဆိပ်သင့်တယ် ခေါ်ရမှာပေါ့။ ဒီရာစုနှစ်အတွင်းမှာ သဘာဝအတိုင်း ဖြစ်ထွန်းလာတဲ့ သစ်သီးတွေ မရှိသလောက် ရှားပါးနေပြီ။ ရာသီပေါ်သီးနှံဆိုတာ ငယ်စဉ်ကသင်ခဲ့တဲ့ ကဗျာတွေ၊စာအုပ်တွေထဲမှာသာ ရှိတော့တယ်။ သား၊ငါးဆိုလည်း နေ့ချင်းညချင်း ကြီးထွားလာကြတယ်။ အရှင် မွေးတော့ နေ့ချင်း အဟုတ် ဖြစ်လာတယ်။ ဒါတွေကို စားနေတဲ့လူသားတွေလည်း အတူတူပါပဲ။ ကြီးရင့်မှု မြန်ဆန်လာသလို ရောဂါဘယ ပေါများလာတယ်။ နောင်ခေတ်တွေမှ ဆေးပညာသင်ရမယ့်သူတွေကိုလည်း သနားမိတယ်။ သူတို့ခေတ်ရောက်ရင် ရောဂါအမည် ဘယ်လောက် ကျက်မှတ်ရဦးမလဲမသိ။ ဆေးပညာအရ ကောင်းပါတယ်ဆိုတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ ကိုယ်၌က ရောဂါဖြစ်စေသလား၊ကာကွယ်နိုင်လား မသေချာတော့တဲ့ ခေတ်ရောက်နေပါပြီ။ အာဟာရပြည့်ဝတာ ဟုတ်ပါရဲ့လား၊ကင်ဆာဆိုတာကိုရော ကာကွယ်နိုင် သေးရဲ့လား။ သေချာမဝေခွဲနိုင် ဖြစ်နေကြပြီ။ သေချာပြန်တွေးကြည့် လိုက်တဲ့အခါ လူဆိုတဲ့အမျိုးက ကိုယ့်ဒုက္ခကို မီးထွန်းရှာဖွေနေသူတွေသာ ဖြစ်နေကြပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၃၀.၆.၁၄)

No comments:

Post a Comment