Tuesday, May 26, 2015

V-melatonin အိပ်ဆေးမှ အိပ်ဆေး တမေးထဲမေးနေသူတွေအတွက်

မြန်မာနိုင်ငံမှာ အိပ်ဆေးတွေ အမျိုးမျိုးရှိပေမယ့် တကယ်ဝယ်သောက်ချင်တဲ့အခါ မလွယ်ကူတာတွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ဆေးတော်တော်များများဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်၊ လက်မှတ်ပါမှသာ ရောင်းချရလို့ပါ။ ဆေးဆိုင်တွေမှာ သွားဝယ်တဲ့အခါ ဘာမီတွန်လောက်သာ ပေးနိုင်သုံးစွဲနေကြရတယ်။ ဒါ့ကြောင့် တချို့အိပ်မရသူတွေ အိပ်ဆေးသောက်ချင်တဲ့အခါ အတော်ဒုက္ခရောက်ရတယ်။ အိပ်ဆေးထဲမှာ herbalပင်တွေက ထုတ်တဲ့ဆေးအများစုဟာ ဆရာဝန်လက်မှတ်မလိုတတ်ဘူး။ ဥပမာ Fameကထုတ်တဲ့ herbal sleepလို သဘာဝအိပ်ဆေးမျိုးက ဆရာဝန်လက်မှတ်
မလိုပဲရနိုင်တယ်။ အလားတူ အမေရိကားကလာတဲ့ V-melatoninလိုဆေးမျိုးကလည်း ဟော်မုန်းသဘောဖြစ်တာကြောင့် ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တယ်။ အမေရိကားFDAက melatonin ကို dietary supplement ဖြည့်စွက်ဆေးအမျိုးအစားထဲမှာသာ ထည့်သွင်းထားတယ်။  ဆရာဝန်လက်မှတ်မလိုတဲ့ melatoninအိပ်ဆေးကို မြန်မာနိုင်ငံမှာV-melatonin နာမည်နဲ့ ရရှိနိုင်တယ်။ ဈေးကွက်ထဲကို Geniusဆေးကုမ္ပဏီက ဖြန့်ဖြူးပေးတယ်။ ဈေးအနေနဲ့ ဆေးတလုံးကို ၂၀၀ဝန်းကျင်ရှိတယ်။ ခက်တာတခုက အလုံး၃၀ပါ ဆေးဗူးပုံစံဖြစ်တာကြောင့် ဆေးတစ်ဗူးကုန်အောင် နေ့စဉ်စွဲသောက်ရမလို ဖြစ်နေတယ်။ အိပ်ဆေးတိုင်းဟာ အမြဲစွဲသောက်ဖို့ မကောင်းတာလဲ အမှန်ပဲ။ ကဒ်ပုံစံဖြစ်ရင် သုံးစွဲသူတွေအတွက် ပိုအဆင်ပြေပါလိမ့်မယ်။
V-melatonin ထဲမှာ ဘာတွေပါလဲ။
Melatonin              3mg
Vitamin B6          10mg
ရှေ့မှာ Vဆိုတဲ့ စကားလုံးက ထုတ်လုပ်တဲ့ကုမ္ပဏီ Viva trading corporationကို ကိုယ်စားပြုတယ်။ ဗီတာမင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးလို့လည်း ယူဆနိုင်တယ်။ အမေရိကားမှာ dietary supplement ဖြစ်ရင် ဗီတာမင်(သို့) herbalဟာဗယ်ဆေး တခုခုထည့်ပေးရတယ်။ဗီတာမင်နဲ့တွဲထားတာက အားအင်ကုန်ခမ်းမှာကို ကာကွယ်ဖို့အတွက်လည်းဟုတ်တယ်၊စိတ်ပြေလက်ပျောက် ရှိဖို့အတွက်ဆိုလည်း မမှားဘူး။
Melatonin ဆိုတာ
ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ လူ၊တိရိစ္ဆာန်နဲ့ အပင်တွေမှာလည်း ဒီလိုဟော်မုန်းမျိုးကို တွေ့ရှိရတယ်။ melatonin ဟော်မုန်းကို ဦးနှောက်အောက်ခြေမှာရှိတဲ့ pineal glandကနေ ထုတ်ပေးနေတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ အရေပြားဆဲလ်၊ရိုးတွင်းခြင်ဆီနဲ့ lymphocyteတွေမှာလည်း melatonin ဓာတ်တွေ ရှိသေးတယ်။ ဆဲလ်ထဲမှာရှိတဲ့ ပမာဏဟာ သွေးကြောရှိတဲ့ ပမာဏထက် ပိုများတာ တွေ့ရတယ်။ အိပ်စက်မှုကို ဖြစ်စေတဲ့ circadian cycleထဲမှာ melatoninရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ညအချိန် အိပ်စက်ခြင်းကို ဖြစ်စေတာလည်း ဒီဟော်မုန်းကြောင့်ပါပဲ။ အိပ်စက်ခြင်းအကြောင်းကို ဆက်ပြောရရင် သာမန်အားဖြင့် လူတွေဟာ ညအချိန်မှာသာ အိပ်တတ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ညအချိန်မှာ အိပ်စက်ခြင်းကို တားဆီးပေးတဲ့ blue light(460-480nm)တွေ လျှော့နည်းသွားလို့ပဲ။ ဒါ့ကြောင့် လူတွေဟာ blue lightအလင်းရောင်ရှိတဲ့ နေ့ခင်းဖက်မှာ မအိပ်ပဲ အလင်းရောင်မရှိတဲ့ညအချိန်တွေမှာ အိပ်စက်ကြတာဖြစ်တယ်။ ညနေ နေစောင်းပြီဆိုတာနဲ့ melatonin ဟော်မုန်းတွေက စတင်ထွက်ရှိလာတယ်။ စာလိုပြောရရင် Dim-light melatonin onsetလို့ ခေါ်ပါတယ်။ wavelength 530nmကျော်တာနဲ့ ဟော်မုန်းစတင်ထွက်ရှိလာတယ်။ တချို့အလင်းရောင် ရှိရင် မအိပ်တတ်ဘူးဆိုတာ ဒီသဘောပါဘဲ။ အိပ်ဖို့ မျက်စိကိုတခုခုအုပ်ပေးတဲ့အခါ blue lightတွေ မဝင်ရောက်ရင် melatoninထွက်လာပြီး အိပ်စက်ခြင်းကို ပိုမိုလွယ်ကူစေတာ တွေ့ရတယ်။ နေ့၊ည အချိန်နရီစည်းချက်ကို မြင်လွှာမှာရှိတဲ့ photosensitive ganglion က အာရုံခံပေးပြီး ဦးနှောက်မှာ ရှိတဲ့ suprachiasmatic nucleiကို ပို့ဆောင်ပေးတယ်။ အဲဒီကတဆင့် လိုအပ်တဲ့ဟော်မုန်းတွေ ပေါ်ထွက်လာအောင် လှူံ့ဆော်ပေးပါတယ်။ ဒီဖြစ်စဉ်ကို circadian cycleလို့ နာမည်ပေးထားတယ်။ ဒါ့ကြောင့် မိုးရွာတဲ့ရက်တွေ၊ နှင်းထူတဲ့ရက်တွေမှာ ရာသီအေးအေး၊ခပ်ကွေးကွေး အိပ်ချင်တာ အလင်းရောင်အားနည်းတဲ့အခါ ထွက်လာတဲ့ melatoninရဲ့အာနိသင်ကြောင့် ဖြစ်ပါတယ်။
သဘာဝအိပ်ဆေး မယ်လ်တိုနင်
Melatonin ကို ၁၉၉၅ခုနှစ်မှာ အိပ်ဆေးအဖြစ် စတင်သုံးစွဲဖို့ တရားဝင်ခွင့်ပြုခဲ့တယ်။ အိပ်ဆေးဆိုပေမယ့် secondary sleep disorder ရောဂါအခံရှိတဲ့အအိပ်ပျက်သူတွေမှာ အသုံးမဝင်ဘူး။ တခါတရံ ဒိုင်ယာဇီပန်လို အိပ်ဆေးမျိုး ဖြတ်ပြီးတဲ့အခါ ဆက်လက်သုံးစွဲဖို့ ပေးတတ်ကြတယ်။ ပုံမှန်အားဖြင့် အသက် ၅၅နှစ်အထက်တွေမှာ သုံးစွဲသင့်တယ်။ ၂၀၀၅လေ့လာမှုအရ ၁လအောက် သုံးစွဲရုံနဲ့ အကျိုးမရှိနိုင်ဘူးလို့ သုံးသပ်ကြတယ်။ နောက်နှစ်မှာ ထပ်မံလေ့လာတဲ့အခါ ၃လထက် ပိုမသုံးသင့်ဘူးလို့ တွေ့ရှိပြန်တယ်။ သို့သော် အငြင်းပွားဖွယ်ကိစ္စတခုက ကလေးငယ်တွေမှာလည်း သုံးနိုင်သေးလားဆိုတာပဲ။ ပုံမှန်အားဖြင့် အိပ်ဆေးတွေကို အသက်၁၈နှစ်အောက်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားတယ်။ အကယ်၍သုံးစွဲချင်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ သိပ္ပံနည်းကျ ငြင်းချင်သူတွေက ကိုယ်ခန္ဓာက ထုတ်လုပ်နေတဲ့ ဟော်မုန်းမျိုး ဖြစ်တာကြောင့် သုံးစွဲရင်လည်း ဆိုးကျိုးမရှိနိုင်ဘူး သုံးသပ်ကြတယ်။ 
တခြားအသုံးဝင်ပုံ
Melatoninဟော်မုန်းရဲ့ အသုံးဝင်ပုံက အိပ်စေရုံတင် မဟုတ်ဘူး။ antioxidant ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိလည်း ရှိသေးတယ်။ သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိက ဗီတာမင်အီးထက် နှစ်ဆလောက် ပိုပါတယ်။ ဒါ့အပြင် ရေတင်မက အဆီမှာပါ ပျော်ဝင်တဲ့ဂုဏ်သတ္တိလည်းရှိတယ်။တွေ့ရှိချက်တခုက ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်သေးတယ်။ ခုခံအားစနစ်မှာ ရှိတဲ့ cytokineထုတ်လုပ်မှုကို များစေနိုင်တာကြောင့် ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တယ်လို့ ယူဆဖွယ်ရှိပါတယ်။ အသက်ကြီးသူတွေအတွက် အဆင်ပြေတာနောက်တခုက antiaging propertyအိုမင်းမှုကို တားမြစ်ပေးတဲ့သဘောလည်း ရှိတယ်။ ၂၀၁၀လေ့လာမှုတခုအရ ဘာ့ကြောင့်မှန်း သေချာမသိပေမယ့် irritable bowel syndrome အူလှုပ်ရှားမှုမမှန်တဲ့ လက္ခဏာမျိုးမှာ အသုံးပြုနိုင်တာ တွေ့ရတယ်။ စိတ်ဝင်စားဖို့ကောင်းတာနောက်တခုက ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ autismလို၊ADHDလိုရောဂါတွေမှာ အသုံးပြုနိုင်တယ်။ migraineခေါင်းတခြမ်းကိုက်၊cluster headacheလို ခေါင်းကိုက်ဝေဒနာအပြင် နားအူတဲ့ရောဂါအခြေအနေမှာလည်း သုံးစွဲတတ်ကြတယ်။cluster headacheလို ခေါင်းကိုက်ဝေဒနာရှင်ကို ပေးတဲ့အခါ ဝေဒနာတွေသက်သာလာတာ တွေ့ရတယ်။ herbalဆေးအများစုဟာ ကင်ဆာရောဂါတွေ ကာကွယ်နိုင်တယ်လို့ ဘယ်လိုပဲဆိုဆို တကယ့်လေ့လာမှုတွေ ဆက်လုပ်ဖို့လိုနေတာလည်း အမှန်ပါပဲ။ မယ်လ်တိုနင်ဓာတ်ချို့တဲ့ပြီး အိပ်ရေးမဝတာတွေများလာရင် အမျိုးအစား၂ ဆီးချိုပိုဖြစ်နိုင်တာ တွေ့ရှိရတယ်။အမှန်တကယ် သက်ဆိုင်မှုရှိ၊မရှိကတော့ လေ့လာမှုတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။

အသားဖြူဆေးခရင်မ် မယ်လ်တိုနင်
နောက်အသုံးပြုနိုင်တာတခုက အသားဖြူဆေးcreamအနေနဲ့လည်း နေရောင်ကာဖို့ အသုံးဝင်သေးတယ်။ ပုံမှန်အားဖြင့် အပေါ်ယံ အရေပြားရဲ့ အောက်လွှာမှာရှိတဲ့ melanocytes ကနေ melaninဓာတ်တွေ ထုတ်ပေးနေတယ်။ အသားညိုတယ်ဆိုတာ melaninများတဲ့ သဘောဖြစ်ပါတယ်။ melatoninရဲ့အာနိသင်က အရေပြားမှာရှိတဲ့ melaninဓာတ်ကို melanocytes ထဲ ရောက်စေလို့ အသားအရေကို ဖြူဖွေးစေတယ်။
ပုံစံမျိုးစုံနဲ့ မယ်လ်တိုနင်
တခြားနိုင်ငံတွေမှာ ဆေးပြား၊ဆေးရည်၊ကပ်ခွာ၊လိမ်းဆေး ပုံစံအမျိုးမျိုးနဲ့ လာတယ်။ဆေးပမာဏ1mg,1.5mg,3mg,5mg,10mgမျိုးစုံ ရှိတယ်။ V-melatoninကတော့ 3mgပါဝင်တဲ့ အစိမ်းရောင် ဆေးပြားပုံစံဖြစ်ပါတယ်။ တိရိစ္ဆာန်တွေက ရရှိတဲ့ melatoninဓာတ်တွေက စိတ်မချရဘူး။ဒါ့ကြောင့် ဆေးထုတ်တဲ့အခါ စိတ်ချရအောင် ဓာတ်ခွဲခန်းမှာသာ syntheticပုံစံမျိုး ထုတ်ကြတယ်။ တချို့အစားအစာမှာ စားကောင်း၊အိပ်ပျော်စေဖို့ မယ်လ်တိုနင်တွေ ထည့်တတ်ကြတယ်။  
ဆေးညွှန်း
Melatonin 3mgကို ညမအိပ်ခင် တစ်နာရီလောက် ကြိုသောက်ရတယ်။ နောက်ပိုင်းမှာ တွေ့ရှိရတာက 0.3mg(ဆေး ဆယ်ပုံတပုံ)သောက်ရုံနဲ့ အလုပ်ဖြစ်တာ တွေ့ရှိရတယ်။ သို့သာ် တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံမတူကြဘူး။ လေယာဉ်အချိန်ကြာစီးပြီး ခရီးရှည်သွားတဲ့အခါမျိုးမှာ အိပ်ချိန်မမှန်တာ၊နောက်ကျတာဖြစ်ပြီး circadian cycle ပြောင်းလဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမျိုးကို jet lag လို့ခေါ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားခရီးရှည်သွားရတဲ့အခါမျိုးပေါ့။ တောင်နဲ့မြောက်ခရီးသွားတာ ပြဿနာမဟုတ်ပေမယ့် ကမ္ဘာ့အရှေ့ခြမ်းက အနောက်ခြမ်းကို သွားတဲ့အခါမျိုးမှာ အချိန်ပြောင်းလဲမှုက များပြီး ဟော်မုန်း rhythmမမှန်တော့ဘူး။အဲလိုမခါမျိုးမှာ  melatoninဓာတ် ဖြည့်တင်းဖို့ လိုလာတတ်တယ်။ ဒီလိုခရီးသွားသူတွေမှာ melatonin 3-10mg ပေးတဲ့အခါ အကျိုးရှိတာ တွေ့ရတယ်။
ဘေးထွက်ဆိုးကျိုး
ဟာဘယ်လ်ဆေးဖြစ်လို့ ဘေးထွက်ဆိုးကျိုး မရှိတော့ မဟုတ်ပါဘူး။ရှိနိုင်တယ်။ရေတိုသောက်ရင် ဘေးထွက်ဆိုးကျိုးခံစားရတာ နည်းပါးတယ်။ ဖြစ်နိုင်တာက-
-နေ့ပိုင်း အိပ်ချင်တတ်တယ်
-ခေါင်းမူးတာ၊ခေါင်းကိုက်တာ ရှိနိုင်တယ်
-စိတ်တိုတာ၊စိတ်မရှည်တာ ဖြစ်နိုင်တယ်
-စိတ်ဓာတ်ကျတာ ခံစားရနိုင်တယ်
-ဗိုက်မအီမသာ ဖြစ်နိုင်တယ်
-ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်
-ဆေးပမာဏပိုများရင် REMအဆင့်များလာပြီး အိပ်မက်ဆိုးမက်တာမျိုး ဖြစ်တတ်တယ်။
အတူတွဲမသောက်သင့်တဲ့ဆေး
-သွေးကျဲဆေး
-ခုခံအားကျဆင်းစေတဲ့ဆေး(စတီးရွိုက်)
-ဆီးချိုကျဆေး
-ကိုယ်ဝန်တားဆေးကဒ်
-အိပ်ဆေး

သိထားသင့်တာတွေ
melatonin ပေါ်ကာစက 3mgဆေးပြားတွေ သုံးခဲ့ကြတယ်။နောက်ပိုင်းတွေ့ရှိချက်တွေမှာ 0.3mgလောက်နဲ့လည်း အကျိုးဖြစ်တာသိခဲ့ကြတယ်။ အိပ်ဆေးတိုင်းဟာ ဆေးပမာဏနည်းလေ၊ဘေးထွက်ဆိုးကျိုးနည်းလေ ဖြစ်ပါတယ်။နိုင်ငံခြားဈေးကွက်မှာmelatonin ပမာဏဟာ 0.5mgကနေ 10mgထိ မျိုးစုံရှိတယ်။ သတိပြုရမှာက ဆေးသောက်ပြီး ၆နာရီအတွင်း ကားမောင်းတာ၊အန္တရာယ်ရှိတဲ့အလုပ်မျိုး ရှောင်ထားသင့်တယ်။ Melatoninကို နိုင်ငံတိုင်းမှာ OTC(over the counter)အဖြစ် လက်ခံထားတာ မဟုတ်ဘူး။ အမေရိကား၊ကနေဒါ စတဲ့နိုင်ငံအချို့မှာ ဆရာဝန်လက်မှတ်မလိုအပ်ပေမယ့် အချို့တိုင်းပြည်တွေမှာ ဆရာဝန်လက်မှတ်လိုတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နေရာတိုင်းသွားတူတာ မကောင်းပေမယ့် တူသင့်တာတွေ တူနိုင်ဖို့တော့ ကြိုးစားသင့်တယ်။ အလွယ်မရနိုင်တဲ့ဆေးတွေအနက် အလွယ်ရနိုင်တဲ့ဆေးတွေ ရှိတာ လူနာအတွက်တော့ ဝမ်းသာစရာပါ။ အနည်းဆုံး အိပ်ဆေးလိုက်ရှာဖို့အတွက်တော့ ပူစရာမလိုတော့ဘူးမလား။
ဒေါက်တာ အေးမင်းထူး
၂၃.၉.၁၃

No comments:

Post a Comment