Sunday, May 24, 2015

တက်တူးကာချာ

ရှေးပဝေသဏီကတည်းက တက်တူး(ဆေးမှင်ကြောင်)ထိုးတဲ့ အလေ့အကျင့်မျိုး ရှိခဲ့ပါတယ်။ အစောဆုံးအနေနဲ့ ဘီစီ ၆၀၀၀လောက်ကတည်းက တက်တူးဆိုင်ရာ အထောက်အထားတွေ ရှိခဲ့တယ်။ ရှေးဟောင်းအီဂျစ် မံမီရုပ်အလောင်းတွေမှာ တက်တူးရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ တက်တူးဆိုတဲ့အခ်ါအဝေါ်က ၁၈ရာစုနှောင်းပိုင်းလောက်က စတင်ပေါ်ပေါက်လာခဲ့တယ်။ အဲဒီကာလတုန်းက သုံးစွဲတဲ့ "tattow"ဆိုတဲ့ စကားလုံးက ဒီဖက်ခေတ်ရောက်တော့ "tattoo"ဆိုပြီး ပြောင်းလဲသွားပါတယ်။ မြန်မာလိုကျတော့ ဆေးမှင်ကြောင် ထိုးတာပေါ့။ ရှေးခတ်လူကြီးတွေရဲ့ ပေါင်၊လက်မောင်း၊ကျောပြင်၊ရင်ဘတ်စတဲ့ နေရာတွေမှာ စာလုံးနည်းနည်းပါးပါး ထိုးတာမြင်ဖူးကြတယ်။ နောက်ပိုင်းမှာ ထိုးတဲ့သူ တဖြည်းဖြည်း နည်းလာတယ်။ သံသရာတပတ်လည်တော့ (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းမှာ တက်တူး trendက နောက်တကျော့ပြန်လာခဲ့ပါတယ်။
အရင်ခေတ်က လူကြီးတွေသာ ထိုးခဲ့တဲ့တက်တူးက ဒီနေ့ခေတ်က လူငယ်လူရွယ်တွေပါ လိုက်ထိုးလာကြတယ်။ လူကြီးတွေကို အားကျလို့တော့ မဟုတ်ပါ။ အနောက်နိုင်ငံတွေက ဘောလုံးသမား၊ရုပ်ရှင်မင်းသား၊မော်ဒယ်၊အဆိုတော် စတဲ့ နာမည်ကြီးတွေရဲ့ စလိုက်တဲ့ ဇာတ်ပါ။ သူတို့ထိုးတော့ သူတို့ကိုအားပေးနေတဲ့ တခြားနိုင်ငံက ပရိသတ်တွေကလည်း မနေပါ။ လိုက်အတုခိုးကြတယ်။ အစက သိပ်မသိသာပေမယ့် တဖြည်းဖြည်း ကြာလာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ တက်တူးကာချာ(tattoo culture)ဆိုတာကြီး ဖြစ်လာတယ်။ 
တက်တူးကာချာထဲမှာ မျောပါနေသူတွေက အသက်အရွယ်အမျိုးမျိုးရှိတယ်။ဆယ်ကျော်သက်အရွယ်ကစပြီး သက်လတ်အရွယ်လူကြီးတွေထိပါတယ်။ ဒီထဲမှာ တကယ်ကြိုက်လို့ထိုးသူလည်း ရှိပါတယ်။ ခေတ်မှီချင်၊ပေါ်ပြူလာဖြစ်ချင်လို့ထိုးသူကတော့ ပိုများပါတယ်။ ဘေးဆိုင်းတီးတာကို မခံချင်တာလည်း ပါလိမ့်မယ်။ တယောက်ကထိုးတော့ လူငယ်သဘာဝ နောက်တယောက်ကလည်း  အားကျမခံထိုးလာကြတယ်။ လူငယ်ယောကျာင်္းတွေတင်လားဆိုတော့ မဟုတ်သေးဘူး။ အသားဖြူဖြူ ကောင်မလေးတွေရဲ့ ခါး၊ပခုံး၊လက်မောင်းစတဲ့နေရာမှာလည်း တက်တူးရာလေးတွေ မသိမသာတွေ့လာရတယ်။ တက်တူးထိုးသူတိုင်းမှာ စိတ်ဝင်စားစရာ ဇာတ်လမ်းကိုယ်စီ ရှိတတ်ကြတယ်။ တခါက ဗဟိုအမျိုးသမီး ဆေးရုံမှာ တာဝန်ကျတော့ မွေးလူနာတယောက်ကို ကြည့်ပေးရတယ်။ လက်တဖက်စီမှာ စာလုံးတလုံးစီထိုးထားတဲ့ မိခင်လောင်းကို သိချင်စိတ်နဲ့ မေးမိတယ်။ ဒါကဘာအဓိပ္ပါယ်လဲပေါ့။ ညာဖက်လက်မှာ ထိုးထားတာက ချစ်ဦးသူရဲ့ နာမည်အစ စာလုံးတဲ့၊ဘယ်ဖက်မှာထိုးတာကကျ အိမ်ထောင်ဖက်ရဲ့ နောက်ဆုံးစာလုံး။ ဒီနှစ်ခုပေါင်းလိုက်ရင် သူ့ဘဝတခု ဖြစ်လာသတဲ့။ အိုင်ဒီယာကတော့ မဆိုးပါ။ အိမ်ထောင်ဖက်ကများသိသွားရင် ဘယ်လိုလုပ်မလဲလို့ ထပ်တွေးလိုက်မိသေးတယ်။ 

တက်တူးထိုးတဲ့ကိစ္စကိုကြည့်ရင် ကျန်းမာရေးအရ မကောင်းတဲ့ဖက်က ပိုများတယ်။ ထိုးတဲ့အခါ ဘယ်ဆေးနဲ့ထိုးသလဲ အရေးကြီးပါတယ်။ ဥရောပကော်မရှင်အဖွဲ့ရဲ့ စာတမ်းတခုမှာ သူတို့ဆီမှာ သုံးနေတဲ့ တက်တူးဆေးတွေရဲ့ ၄၀ရာခိုင်နှုန်းဟာ စိတ်မချရဘူးလို့ ဖော်ပြထားတယ်။ အရင်ကထိုးတဲ့ တက်တူးဆေးတွေက ဓာတုပစ္စည်းနဲ့ သတ္တုဓာတ်တွေပေါင်းထားတယ်။ ဘာမှန်းမသိတဲ့ oxides, sulphides, selenidesဆိုတာတွေ ပါတယ်။ တချို့က ကြာရှည်ခံအောင် ပလတ်စတစ်တွေတောင် ထည့်သေးတယ်။ တက်တူးဆေးထဲမှာ အနီရောင်ပါရင် လူနဲ့ဓာတ်မတဲ့တာ များတယ်။ အနီဆေးထဲမှာ ပြဒါးဓာတ်နဲ့ အေဇိုအမျိုးအစား ဓာတုဆေးတွေ ပါဝင်တတ်တယ်။ ပိုဆိုးတာက  အေဇိုဆိုးဆေးတွေဟာ နေရောင်နဲ့ထိပါများရင် အဆိပ်အတောက်ဖြစ်စေတယ်။ ခန္ဓာကိုယ်နဲ့ မတဲ့တဲ့ amine အဖြစ် ပြောင်းသွားပြီး ကင်ဆာဆိုတာကို ဖြစ်စေတယ်။ ခဲသတ္တုပါတဲ့ တက်တူးတွေကလည်း တနည်း ဒုက္ခပေးတယ်။ ခဲဆိပ်ကြောင့် မွေးရာပါ ကိုယ်လက်ချို့ယွင်းတာ၊ကင်ဆာရောဂါအပြင် မျိုးပွားနိုင်စွမ်းကိုပါ ထိခိုက်စေတယ်။ လူတော်တော်များများထိုးတဲ့ အနက်ရောင်တက်တူးမှာ iron oxide သံဓာတ်တမျိုးပါတယ်။ ဒီလိုလူတွေမှာ MRI ရိုက်တဲ့အခါ သတိထားရတယ်။ MRIက ထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းက အရေပြားအောက်မှာရှိတဲ့ သံဓာတ်ကို အပူပေးသလိုဖြစ်ပြီး အပူလောင်တာ၊မီးလောင်နာလိုမျိုး အပြင်လိုက် ထလာတတ်တယ်။ အခုနောက်ပိုင်းကျ ဘေးထွက်နည်းပါတယ်ဆိုတဲ့ အော်ဂင်းနစ်တက်တူးတွေ သုံးလာကြတယ်။ သတ္တုဓာတ်မပါတာကလွဲရင် နောက်ဆုံး aromatic amine ပဲဖြစ်သွားလို့ သိပ်တော့မထူးလှပါဘူး။ 

တချို့က တက်တူးထိုးပြီး ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။ အရေပြားအောက်လွှာ dermisထဲကို ဆေးထိုးတာဖြစ်လို့ ထိုးစရက်ပိုင်းတွေမှာ ရောင်နေ၊နာနေတတ်တယ်။ ပိုးဝင်တာ၊ပြည်တည်နာ အရေပြားကို ထိခိုက်စေတယ်။ သွေးကတဆင့် ကူးစက်တတ်တဲ့ရောဂါမျိုး ဖြစ်နိုင်တယ်။ တက်တူးလက်ချက်နဲ့ အဖျားသွေးဝင်၊ ဆေးခန်းရောက်ရသူတွေလည်း မနည်းဘူး။ ဆေးရည်က သွေးပြန်ကြောရောက်ပြီး တက်စေ့တွေရောင်လာရင် ခွဲထုတ်ရတာမျိုးထိရှိတယ်။တချို့က ထိုးပြီးမှ မှားလေခြင်းဆိုပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာမျိုးရှိမယ်။ ဒါပေမယ့် နည်းပညာက တိုးတက်လာပါတယ်။ဖျက်မရတဲ့ တက်တူးတွေကို လေဆာနဲ့ အသေအချာပျောက်ရစေမယ်ဆိုတာမျိုး ရှိလာပြီ။ တကယ်တော့ ပျောက်တာထက် မှိန်သွားအောင် လုပ်တာပါပဲ။ ဒီထဲမှာ ကာလာရောင်စုံတွေပါရင် ပိုဖျောက်ရခက်တယ်။ အနက်ရောင်က တခြားရောင်တွေထက် ဖျက်ဖို့ပိုလွယ်တယ်။တက်တူးဖျက်တာက ထိုးတာထက် အဆမတန် ပိုနာသေးတယ်။ အစကတည်းက ဖျက်ဖို့ရည်ရွယ်ချက်ရှိရင် ယာယီတက်တူးမျိုးကို ထိုးသင့်တယ်။

တက်တူးကို အလှအပရေးရာအတွက် သုံးတာမျိုးလည်း ရှိတယ်။ ဥပမာ မျက်ခုံးမွှေးဆွဲတာ၊နှုတ်ခမ်းလိုင်းဖော်တာ၊မှဲ့တပ်တာမျိုး ဖြစ်တယ်။ ဆေးပညာလိုအပ်ချက်အရ တက်တူးထိုးရတာမျိုးရှိသေးတယ်။ ကင်ဆာဓာတ်ကင်ရသူတွေမှာ ဓာတ်ကင်မယ့်နေရာကို တက်တူးဆေးနဲ့ မှတ်ထားပေးတယ်။ ခရုသင်းလိုအရေပြားရောဂါမှာ တက်တူးနဲ့ ဖုံးဖုံးဖိဖိ မသိသာအောင် လုပ်နိုင်တယ်။ နိုင်ငံအသီးသီးမှာ ရိုးရာယုံကြည်မှုအရ ထိုးတဲ့တက်တူးတွေလည်း ရှိုကြတယ်။ နိုင်ငံတွေမှာ ရှေးအစဉ်အဆက် တက်တူးထိုးတဲ့လူမျိုးတွေ တွေ့နိုင်တယ်။ မြန်မာနိုင်ငံမှာ ချင်းပြည်နယ် မင်းတပ်က အမျိုးသမီးကြီးတွေရဲ့မျက်နှာမှာ တက်တူးရာတွေ ရှိကြတယ်။

ခေတ်ယဉ်ကျေးမှုတွေ ပြောင်းလဲတာကို သတိထားကြည့်ရင် အများစုဟာ အနောက်တိုင်းက အရှေ့တိုင်းကို ရောက်လာတယ်။ ရေစီးသဘောဆိုရင် မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတယ်။ အစကတည်းက ကိုယ်ခံအားမကောင်းသူတွေကတော့ အများဆုံး ခံကြရတယ်။ ဒီနှစ်ပိုင်းအတွင်း သိသိသာသာပြောင်းလဲသွားတာက တက်တူးပုံတွေ ပေါ်ပေါ်လွင်လွင်ဖြစ်လာတာပါ။ လက်မောင်းတခုလုံး၊ကျောပြင်တခုလုံး တက်တူးပုံတွေ တွေ့လာရတယ်။ မသိရင် အင်္ကျီဝတ်ထားသလို ထင်မှတ်မှားရတယ်။ လူကြီး၊လူငယ်အများစုရဲ့ စိတ်ခံစားမှုဖော်ပြရာ စိတ်ထွက်ပေါက်ဟာ တက်တူးဖြစ်လာခဲ့ပါပြီ။ လက်တထောက်စာအရေပြားက ရောဂါပိုးမွှားမဝင်အောင် တားဆီးတဲ့နေရာအဖြစ်သာမက စိတ်ခံစားမှု ဖော်ပြရာ နေရာပါဖြစ်လာခဲ့တယ်။ အရေပြားရဲ့ လုပ်ဆောင်ချက်ထဲမှာ တာဝန်တခုထပ်တိုးထည့်ရင် ကောင်းမလား စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၅.၈.၁၄)

No comments:

Post a Comment