Thursday, May 21, 2015

ပိန်ဆေးမလိုပါ

ပိန်နည်း၊ ပိန်ဆေး ဆောင်းပါးတွေချည်း ရေးလာတာ တလကျော်ပြီ ထင်ပါတယ်။ ဒီရက်ပိုင်း ရေးထားတဲ့နည်းတွေအတိုင်း လိုက်လုပ်ဖြစ်တယ်၊ဝိတ်ချပါတယ်ဆိုတဲ့ အကြောင်းကြားစာတွေ၊ဖုန်းနဲ့ မေးလ်နဲ့ ပေးပို့ကြပါတယ်။ သတိထားမိတာက နယ်ဖက်က လိုက်လုပ်သူတွေ ပိုများသလိုပဲ။ သတင်းစာတွေက ဘယ်အတိုင်းအတာထိ ပေါက်ရောက်သလဲ ကျွန်တော်တကယ် မသိပါဘူး။ နယ်ဖက်က ရွာတချို့က အကြောင်းကြားစာတွေအရ အဲဒီအထိ ရောက်တယ်လို့ ယူဆရတယ်။ တချို့ကလည်း တပတ်အတွင်း ဝိတ်ကျချင်လားဆိုတဲ့ ဆောင်းပါးမျိုးထပ်ရေးပေးပါပေါ့။ ဘာ့ကြောင့်လဲဆိုတော့ guideline ရှိတော့ အဆင်ပြေလို့ပါတဲ့။

guidelineတွေက ကောင်းတာရှိသလို မကောင်းတာလဲရှိပါတယ်။ ကောင်းတာက စနစ်ကျတယ်။ ခိုင်းတဲ့အတိုင်း လိုက်လုပ်ရုံဘဲ။ မကောင်းတာကတော့ စည်းမျဉ်းတွေအတိုင်း လိုက်လုပ်ရတယ်။ ပျက်ကွက်လို့မရဘူး။ ဥပမာ ပေးထားတဲ့ အစားအသောက်တွေက ရှာလို့မရတာမျိုး။ ခိုင်းထားတဲ့လေ့ကျင့်ခန်းတွေက လိုက်မလုပ်နိုင်ဘူးဆိုတာမျိုး။တချို့နည်းတွေ မြန်မာတွေနဲ့ သိပ်အဆင်မပြေဘူး။ ဥပမာ အစားအသောက်ဆိုရင် အာရှနဲ့ ဥရောပ မတူဘူး။ ဒီက လူတွေက ဝက်သား၊ကြက်သား စားကြတာ၊ဟိုကလူတွေက ဆိတ်သား၊သိုးသား စားကြတာ။ နေ့စဉ်စားသောက်တာကြည့်ရင် အာရှမှာ ထမင်းလိုမျိုးစားတဲ့အချိန်မှာ အနောက်တိုင်းကတော့ ဂျုံပေါင်မုံ စားကြတာ မလား။ဆိုတော့ စားသောက်ပုံ နေထိုင်ပုံ မတူဘူး။ အရှေ့တိုင်းက ကာဗိုဟိုက်ဒရိတ်ကို အားပြုစားတာ၊အနောက်တိုင်းက ပရိုတင်းကို အားပြုစားတာ။ ပိုဆိုးတာက မြန်မာလူမျိုးတွေက အဆီကို ပိဿာချိန်နဲ့ စားတာမဟုတ်လား။အဲလိုကွာတာလေးတွေတော့ ရှိပါတယ်။ 

ပိန်နည်းတွေနဲ့ ပတ်သက်လို့ တရက်က စာဖတ်ပရိသတ်တယောက်က ဘာပြောလဲဆိုတော့ ဆရာရယ် ပိန်နည်းတွေ ဘာ့ကြောင့် ရေးနေရတာလဲ။ ဒီကလူတွေကဖြင့် ထမင်းတောင်နပ်မှန်အောင် စားရတာ မဟုတ်ဘူးတဲ့။ သူပြောတာ သာမန်ကာလျှံကာကြည့်ရင် ဟုတ်သလိုပဲနော်။ တခြားဖက်ကကြည့်တော့ ရာနှုန်းပြည့် မမှန်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ လက်ရှိကမ္ဘာမှာကြုံတွေ့နေရတဲ့ ပြဿနာတခုက နာတာရှည်ရောဂါတွေ ထူပြောလာတာဖြစ်တယ်။ (၂၁)ရာစု ကျန်းမာရေးအတွက် အကြီးကျယ်ဆုံး ပြဿနာပါ။ သွေးတိုး၊ဆီးချို၊နှလုံး၊ကင်ဆာ စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ အဝလွန်ရောဂါဟာ ဆင်းရဲ၊ချမ်းသာမရွေးနိုင်ငံတိုင်းကို ခြိမ်းခြောက်နေတယ်။ ဒီရောဂါတွေက ဖွံ့ဖြိုးဆဲတွေ၊ဖွံ့ဖြိုးပြီးတွေဆိုတာတွေကို ကြည့်နေမှာမဟုတ်ဘူး။ ဒီအချက်က နိုင်ငံတိုင်းအတွက် အလေးထားစရာ ကျန်းမာရေးပြဿနာ ဖြစ်လာပါတယ်။ အဝလွန်ခြင်း၊လှုပ်ရှားမှုမရှိခြင်းကနေ ဆင့်ကဲဖြစ်ပေါ်လာတဲ့ ရောဂါတွေ အများကြီးရှိတယ်။ ဒါကို သတိထားရမယ်။

နောက်တချက်က ကျန်းမာရေး အသိပညာဆိုတာကလည်း လူတိုင်းနဲ့ သက်ဆိုင်တယ်။ ဆင်းရဲတဲ့ ကျေးလက်တောရွာကမို့ သွေးတိုး၊ဆီးချို၊အဝလွန် မဖြစ်ဘူးမထင်ပါနဲ့။ ဖြစ်သူဦးရေအင်မတန်များပါတယ်။ ပြဿနာက မရှိတာ မဟုတ်ပါဘူး။ မသိကြတာပါ။ ဆေးကုနေတဲ့ ဆရာဝန်တယောက်အနေနဲ့ ဘယ်လောက်ပေါတယ်ဆိုတာ ပိုသိပါတယ်။ ကျေးလက်တောရွာကနေ မြို့က်ု ဆေးလာပြတဲ့ လူနာတယောက်ကို သွေးတိုး၊ဆီးချို ရှ်၊မရှိ မေးကြည့်ပါလား။ အများစုက မရှိဘူးဖြေလိမ့်မယ်။ အဲဒါက မစစ်လို့ မသိတာဖြစ်တယ်၊မရှိတာမဟုတ်ဘူး။ တွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ငါးပိ၊ငံပြာရည် မကြိုက်တဲ့သူက ခပ်ရှားရှားပါ။ ဆေးပညာက လက်ရှိလက်ခံထားတာက ဆိုဒီယမ် အငံဓာတ်က သွေးတိုးကို ဖြစ်စေတယ်။ နောက်တခုပြောစရာ ရှိတာက အချိုလည်း သိပ်ကြိုက်တာပဲ။ ကော်ဖီ၊လက်ဖက်ရည်ဆိုလည်း ချိုမှ သောက်တာ၊အဲဒီအကျငိ့က မြို့ကော နယ်ရော အတူတူပဲ။ မြို့သားတွေ တပန်းသာသွားတာက ဘီယာဆိုင်တွေ ပေါများတာနဲ့ အလွယ်တကူသောက်လို့ရတာ။ ဘီယာဆိုတာလည်း တကယ်က ကစီဓာတ်တမျိုးပဲ။ သူက ပိုတောင်ဆိုးသေးတယ်။ တခြားနိုင်ငံတွေထက် တပန်းသာသွားတဲ့တချက် ဆီကို ရေလိုသုံးတာ။ မြန်မာဟင်းလျာတွေထဲမှာ ဆီမပါတဲ့ ဟင်းလျာဘယ်နှမျိး ရှိသလဲ။ တခုမှမရှိဘူး။ အဲဒီအချက်တွေပေါင်းလိုက်တော့ အဝလွန်တာ၊သွေးတိုး၊ဆီးချိုစတဲ့ ဆင့်ကဲဖြစ်စဉ်တွေ ဖြစ်ပေါ်လာတယ်။ ဒါ့ကြောင့် ထမင်းနပ်မှန်အောင် မစားရလို့ ကျန်းမာရေးပြဿနာနည်းတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ တကယ်က မြန်မာတို့ရဲ့ နေထိုင်စားသောက်ပုံအရ ပိုတောင်ဆိုးသေးတယ်။ အဲဒီအလေ့အကျင့်တွေကို ပြုပြင်နိုင်ဖို့ ဆရာဝန်လုပ်သူတွေဖက်က တာဝန်ရှိပါတယ်။ ကျန်းမာရေးအသိပေးရမယ်။ ဝတဲ့သူကို ပိန်အောင်၊ပိန်တဲ့သူကို ဝိတ်မတက်အောင်၊လေ့ကျင့်ခန်းလုပ်တဲ့ အခါဘယ်လေ့ကျင့်ခန်းတွေ ဘယ်လို၊ဘယ်လောက် လုပ်သင့်လဲဆ်ုတာတွေ ပညာပေးရမယ်။ တခြားဖက်က ထမင်းနပ်မှန်အောင် စားနိုင်ဖို့၊လူတန်းစေ့နေနိုင်ဖို့ကတော့ သက်ဆိုင်ရာ အစိုးရက ဆက်လုပ်ပါလိမ့်မယ်။ အဲဒီအပိုင်းက ဆရာဝန်လုပ်သူတွေနဲ့ မဆိုင်ပါဘူး။ ကိုယ်ဆိုင်တဲ့ ပိုင်တဲ့ အတိုင်းအတာဖက်က လုပ်မှ ကျန်းမာရေးတိုးတက်မှာ ဖြစ်ပါတယ်။ 

နောက်တချက်က မြန်မာနိုင်ငံ ကျန်းမာရေးအဆင့်အတန်းက နိမ့်ကျတယ်။ အဆင့်မမှီပါဘူးကွာ ဆိုတာတွေ ရှိဦးမယ်။ အာဆီယံနိုင်ငံတွေထဲမှာတောင် မြန်မာနိုင်ငံက ကျန်းမာရေးအဆင့်အတန်း အောက်မှာရှိနေတာ အမှန်တရားပါ။ ဒါပေမယ့် အဲဒီအချက်တွေကို ဆရာဝန်တွေ ဖက်ကပဲချည်းပဲ ပြောင်းလို့မရပါဘူး။ ပြည်သူလူထုလည်း စာဖတ်ဖို့၊ကျန်းမာရေးအသိရှိဖို့ လိုပါတယ်။ မိတ်ဆွေတယောက်ရှိတယ်။ ကျန်းမာရေးဆေးပညာ စာစောင်တွေဆိုရင် ကျော်ဖတ်တယ်။ ဘာ့ကြောင့်လဲမေးကြည့်မှ ရောဂါတွေသိတော့ စိတ်ညစ်ရမှာစိုးလို့တဲ့။ အဲဒီလိုလည်း မဖြစ်သေးဘူး။ ဆိုလိုချင်တာက အသိပညာမြှင့်မားဖို့ စာဖတ်ရမယ်။ နိုင်ငံခြားသားတယောက် မြန်မာနိုင်ငံရောက်လို့ ဆေးလာဝယ်ပြီဆိုရင် သူတို့လိုချင်တဲ့ ဆေးကို ဆေးနာမည်နဲ့အတိအကျ မေးပါတယ်။ မေးတဲ့အခါ ဒီမှာလို ခေါင်းကိုက်ပျောက်ဆေး ကောင်းတာပေးပါလို့ မပြောဘူး။ ဆေးဆိုင်တွေက ပေးချင်ရာပေး ဝယ်သူက သောကိချင်သလိုသောက်မဟုတ်ဘူး။ နာမည်နဲ့မောပြီး ဆေးညွှန်းဖတ်ပြီးရင် ဆေးကဒ်ကို ဘယ်တော့မှ ဒီအတိုင်းမယူပါဘူး။ expired date(ကုန်ဆုံးရက်)ကြည့်ပြီးမှ ဝယ်တယ်။ ပြောချင်တာက ကျန်းမာရေးအသိရှိကြတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီအလေ့အကျင့်မရှိဘူး။ ဘယ်ဆေးကောင်းလဲမေးတော့ ဆေးဆိုင်က ပေးချင်တဲ့ဆေး ပေးလိုက်ရော။ အမှန်က ပေးတဲ့သူကိုယ်၌က ဆေးအကြောင်း ကောင်းကောင်းမသိဘူး။ ဝယ်တဲ့သူကရော၊အတူတူပဲ။ တချို့ဆိုရင် ဘိုင်အိုဂျက်ဆစ်၊လန်းဆန်းဆိုတဲ့ဆေးတွေက ပါရာစီတမောဆိုတာတောင် မသိကြဘူး။ အဲလိုဖြစ်တယ်။ အဲဒါက မြန်မာနိုင်ငံမှာရှ်တဲ့ ဆရာဝန်တွေရဲ့ အပြစ်လား၊လူနာတွေအပြစ်လား၊ တိုင်းပြည်အခြေအနေကြောင့်လား ဝေခွဲလို့မရနိုင်ဘူး။  ဖြစ်နိုင်တာက အကြောင်းအရာပေါင်းစုံ ပေါင်းစည်းသွားလို့လည်း ဖြစ်နိုင်တယ်။ 

စကားကို ပြန်ကောက်ရရင် ကျန်းမာရေးကောင်းဖို့ အဝမလွန်အောင် ထိန်းသိမ်းရမယ်။ ဒါမှမဟုတ် ဝိတ်ချရမယ်။ဝိတ်ချတဲ့အခါ အရေးကြီးဆုံး အခြေခံကျတဲ့ အဆင့်(၄)ဆင့် လိုအပ်တယ်။ အမှန်တော့ စီမံခန့်ခွဲမှုပညာလို plan အစီအစဉ်ချပြီး လုပ်ရတာပါ။ ပထမအဆင့်က ဝိတ်ကျချင်စိတ် ပြင်းထန်ရမယ်။ အဲဒီအတွက် ဝိတ်ကျကို ကျရမယ်ဆိုတဲ့ motivation တွန်းအားလိုတယ်။ ဒုတိယအဆင့်က လက်တွေ့ကျတဲ့ ရည်မှန်းချက်(realistic goal)နဲ့ အချိန်ကန့်သတ်ချက်(time)ရှိရမယ်။ ဥပမာ တလအတွင်း ငါးပေါင်ကျအောင်လုပ်မယ်ဆိုတာ လက်တွေ့ကျတယ်။ သတ်မှတ်ချက်လည်း ရှိတယ်။ ဒါမှမဟုတ်ဘဲ တလအတွင်း ပေါင်ငါးဆယ်ကျအောင် လုပ်မယ်ဆိုတာမျိုးက လက်တွေ့မကျသလို ကန့်သတ်တဲ့ အချိန်မမှန်ဘူး။ အဆင့်တခုစီအတွက် ရည်မှန်းချက်တခုထားပြီး အောင်မြင်မှ နောက်တခု တက်သင့်တယ်။ ရည်မှန်းချက်ထားပြီးတဲ့အခါ တတိယအဆင့်အနေနဲ့ လုပ်ဆောင်ချက်(action) လာရပါမယ်။ လေ့ကျင့်ခန်းလုပ်တာမျိုး၊အစားအသောက် လျှော့စားတာမျိုး ပေါ့။ နောက်ဆုံးအချက်ကတော့ မိမိစားသောက်သမျှသတိထားဖို့ food intake monitor လုပ်ဖို့ လိုအပ်ပါတယ်။ စားတဲ့အစားအစာတွေကို သတိထားပြီး စနစ်တကျမှတ်တမ်းတင်တာ၊ရွေးချယ်စားသောက်တာမျိုး လုပ်သင့်တယ်။ ဝိတ်ချတဲ့အခါမှ မဟုတ်ဘူး။ ဝိတ်တက်အောင်လုပ်တာ၊အရပ်ထွက်အောင် လုပ်တဲ့အခါလည်း ဒီလိုအဆင့်သတ်မှတ်ချက်တွေနဲ့ စနစ်တကျလုပ်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၂.၁၂.၁၄)

No comments:

Post a Comment