Sunday, May 24, 2015

Lobese စားချင်တာစား ဝိတ်မတက်စေရ

ဆေးကို သြစတေးလျနိုင်ငံ Zifam ကုမ္ပဏီက ထုတ်လုပ်တင်သွင်းတယ်။ white kidney beanခေါ်တဲ့ အဖြူရောင်ပဲတောင့် တမျိုးက ထုတ်ယူထားတယ်။ carbohydrate blocker လို့လဲ ခေါ်တယ်။ စားလိုက်တဲ့အစာထဲမှာ ပါတဲ့ ကဆီဓာတ်ကို မစုပ်ယူနိုင်အောင် တားဆီးပေးနိုင်တယ်။ အစားမလျှော့ဘဲ ပိန်ချင်သူတွေသောက်သုံးနိုင်တယ်။ တလအတွင်း အစာရှောင်ဖို့မလိုဘဲ ၇ပေါင်ထိ ဝိတ်ကျစေမယ် ဆိုတယ်။ ထမင်း၊ဂျုံ၊ပြောင်း၊အာလူး အစားများသူတွေ သုံးစွဲဖို့ သင့်တော်တယ်။ကစီဓာတ်ကိုသာလျှော့ချပေးတာကြောင့် အဆီ၊အသားအစားများသူတွေမှာ အကျိုးမရှိဘူး။ခံတွင်းမပျက်စေသလို ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ ဆိုတယ်။ 
Carbohydrate ကစီဓာတ်ဆိုတာ 
ဆန်၊ဂျုံ၊ပြောင်း၊အာလူးစတာတွေမှာ ပါဝင်တဲ့အာဟာရကို ကစီဓာတ်လို့ခေါ်ပါတယ်။အဲဒီကစီဓာတ်ကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ရတယ်။ မသုံးစွဲလို့ ကျန်နေတဲ့ကစီဓာတ်တွေကို အသည်းက အဆီlipidတွေအဖြစ် ပြောင်းလဲသိုလှောင်ပေးထားတယ်။ ကြာလာတဲ့အခါ အဆီဓာတ်တွေ တဖြည်းဖြည်းများလာပြီး ဝိတ်တက်တာ၊ဝတာတွေဖြစ်လာစေတယ်။ ဗိုက်ရွှဲလာတယ်။ထိုင်းမှိုင်းလေးလံလာတယ်။ရောဂါထူပြောလာတယ်။
Calorie ဆိုတာ
စွမ်းအင်ရဲ့ အရင်းမြစ်၊ကုန်ကြမ်းဖြစ်ပါတယ်။ စားလိုက်တဲ့ အစားအစာတိုင်းမှာ calorie ကိုယ်စီရှိကြတယ်။ carbohydrateကစီဓာတ် ထဲမှာလဲ calorieပါဝင်တယ်။fatအဆီထဲမှာ၊proteinအသားထဲမှာလဲ ပါဝင်တာပဲ။ ပုံမှန်အားဖြင့် energyရဖို့ လူတယောက်ဟာ တရက်ကို calorie 2000 စားသုံးပေးရတယ်။ အကယ်၍ လှုပ်ရှားမှုမရှိရင် ပိုတဲ့ calorieတွေကို အဆီအဖြစ် ခန္ဓာကိုယ်က ပြောင်းလဲပေးတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းဝလာပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရတယ်။ သီအိုရီအရ Calorie ဆိုတာ ရေ တစ်ဂရမ်ကိုအပူချိန် ၁ဒီဂရီစင်တီရိတ် တိုးမြှင့်ဖို့ အသုံးချရတဲ့ စွမ်းအင်ပမာဏဖြစ်ပါတယ်။ အစားအစာတွေထဲမှာ ပါဝင်တာကို kcalကီလိုကယ်လိုရီနဲ့ တိုင်းတာတွက်ချက်ရတယ်။
Lobese ဆိုတာ
-capsule တတောင့်မှာ Phaseolus Vulgaris Extract 500mg ပါဝင်တယ်။ဆေးတစ်ဗူး အလုံး၆၀ ပါဝင်တယ်။ Phaseolus Vulgarisဆိုတာ white kidney beanအဖြူရောင် ပဲတောင့်ထဲမှာ အဓိကပါဝင်တဲ့ ဓာတ်တမျိုးဖြစ်တယ်။အစေ့၊အနှစ်တွေကို အခြောက်လှမ်းထုတ်လုပ်ထားတယ်။ ပုံမှန်အားဖြင့် carbohydrate ကစီဓာတ်တွေကို အင်ဇိုင်းနဲ့ချေဖျက်ပြီးမှ အူကစုပ်ယူနိုင်တယ်။ ဒီဆေးက pancreas ကထုတ်ပေးတဲ့ ကစီဓာတ်ချေဖျက်ပေးတဲ့ alpha-amylase enzymeကို တားမြစ်ပေးတယ်။ မချေဖျက်နိုင်တဲ့ carbohydrate တွေဟာ ဝမ်းထဲမှာ ပါသွားတယ်။ ဒီလိုနဲ့ စားလိုက်တဲ့ အစာထဲက calorieတွေဟာ ခန္ဓာကိုယ်ထဲမရောက်ပဲ တဖြည်းဖြည်းဝိတ်ကျလာမယ်။
အညွှန်း
-အစာမစားမီ ၁၅မိနစ်၊နာရီဝက်လောက် ကြိုသောက်ထားရတယ်။
-တနေ့ နှစ်ကြိမ်မှ သုံးကြိမ်ထိ သောက်သုံးပေးရမယ်။အထူးသဖြင့် ထမင်း၊ဂျုံစာ မစားခင်တွေ သောက်သုံးသင့်တယ်။
-တကယ်ပိန်ချင်ရင် အစားအသောက် ဆင်ခြင်ဖို့ပါလိုသေးတယ်။
-လေ့ကျင့်ခန်းပါ လိုက်လုပ်နိုင်ရင် ပိုကောင်းတယ်။
-ကစီဓာတ်ကော၊အဆီဓာတ်ပါ လျှော့စားရတယ်။
-အစာမစားပဲ ဆေးသောက်တာလည်း  အကျိုးမရှိနိုင်ဘူး။
-ညစာ ရှောင်သူတွေ သောက်ဖို့ မလိုအပ်ဘူး။
-စမ်းသပ်မှုတွေအရ ကစီဓာတ်စုပ်ယူမှုကို ၆၆ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်။
-သုံးစွဲသူထက်ဝက်ကျော်ဟာ တလအတွင်းသိသိသာသာ ဝိတ်ကျစေတယ်။
-အဆီပြင်ရဲ့ ၁၀ရာခိုင်နှုန်းကျဆင်းစေသတဲ့။
-ကျောက်ကပ်၊အသည်းလုပ်ဆောင်မှု စစ်ဆေးကြည့်တဲ့အခါ ပုံမှန်သာရှိတယ်။
-သွေးအဖြေတွေ ထူးထူးခြားခြားပြောင်းလဲမှုမရှိဘူး။
-ရေရှည်စွဲသောက်သူတွေမှာ ပြောင်းလဲမှုကြီးကြီးမားမား မရှိဘူး။
-ယေဘုယျအားဖြင့် စိတ်ချရတယ်။
ဘေးထွက်ဆိုးကျိုး
-ဝမ်းပိုသွားတတ်တယ်
-ပျို့ချင်၊အန်ချင်မယ်
-ရင်ပြည့်၊ရင်ကယ်ရှိတတ်တယ်
-ဗိုက်နေရခက်မယ်
-ဆေးမတည့်တာ ရှိနိုင်တယ်။
သတိပြုစရာ
-ဆီးချိုရောဂါသည်တွေ အထူးဂရုစိုက်ပါ။
-ဆီးချိုကျဆေးတွေနဲ့ တွဲမသာက်ရဘူး။
-တခြားဆေးနဲ့တွဲသောက်ချင်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။
-တလအတွင်း မထူးခြားရင် ဖြတ်ပစ်ပါ။
စဉ်းစားစရာ အချက်များ
-ကြေငြာဘယ်လောက်ကောင်းကောင်း သုံးစွဲသူတွေ ချင့်ချိန်သင့်တယ်။
-ဆေးကုမ္ပဏီတွေဟာ ပိန်ဆေးဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ ဒေါ်လာဘီလီယံချီပြီး ရနေတာမဟုတ်လား။
-အထူးသဖြင့် ယုံလွယ်သူတွေပိုဆိုးမယ်။
-စားချင်တာစား ပိန်စေရမယ်ဆိုတာ အလိမ်အညာစကားသာဖြစ်လိမ့်မယ်။
-ဝိတ်ချဖို့၊ပိန်ဖို့ ကိုယ်တိုင်မကြိုးစား၊မလိုက်နာဘဲနဲ့ မဖြစ်နိုင်ပါ။
-အစားအသောက်အပြင် လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးတာ မမေ့အပ်ဘူး။
-ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမတွေ့ရသေးတာကြောင့် စမ်းလိုက စမ်းကြည့်နိုင်ပါတယ်။ မထူးခြားရင်ဆက်မသောက်ပါနဲ့။
-အမေရိကား FDAကတော့ အသိမှတ် မပြုပါ။
-လက်ရှိအချိန်ထိ ပိတ်ပင်တာမရှိပေမယ့် သောက်သုံးဖို့လည်း မတိုက်တွန်းပါ။
-ပိန်ဆေးတိုင်း ရေရှည်စွဲသောက်လို့ မကောင်းတာလဲ အမှန်ပဲ။

ဒေါက်တာ အေးမင်းထူး
၁.၃.၁၃

No comments:

Post a Comment