မေးစရာရှိတာက
မတတ်နိုင်လို့ ကာကွယ်ဆေးမထိုးဘူးဆိုရင် ဘာဆက်ဖြစ်မလဲ။ အကိုက်ခံရတာ
ခွေးကောင်းဆိုရင် ပြသနာမရှိပါ။ ကံဆိုးလို့ ခွေးရူးကိုက်ခံရတယ်ဆိုရင်
ကာကွယ်ဆေးထိုးဖို့ လိုကိုလိုအပ်ပါတယ်။ မထိုးနိုင်ရင် ဗိုင်းရပ်စ်ပိုးက
အာရုံကြောထဲ ရောက်သွားတာနဲ့ ဆရာဝန်လည်း မကယ်နိုင်ပါဘူး။ အဲဒီအချိန်ကျမှ
ထိုးချင်လို့လည်း မရတော့ဘူး။ ရောဂါလက္ခဏာတွေ ပေါ်ပေါက်ပြီး နောက်ဆုံးမှာ
သေဆုံးရပါတယ်။ ခွေးရူးအကိုက်ခံရရင် သေနှုန်းက (၁၀၀)ရာခိုင်နှုန်းထိ ရှိပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေဖက်က ကာကွယ်ဆေးထိုးဖို့ ပြောကြတာ ဖြစ်ပါတယ်။
ဒါနဲ့
ပတ်သက်ပြီး ၂၀၁၀တုန်းက ဆွီဒင်နိုင်ငံမှာ
လေ့လာမှုတခုလုပ်ခဲ့ပါတယ်။ဒီလေ့လာမှုဟာ ခွေးပေါင်း ၆၈၀၀ကျော်ကို
စမ်းသပ်ခဲ့တာဖြစ်ပြီး ကာကွယ်ဆေးထိုးပြီး ၃လအကြာမှာ ဆေးအောင်၊မအောင်
ပြန်လေ့လာထားပါတယ်။ ဆေးထိုးပြီး တက်လာတဲ့ ခုခံအားပမာဏ 0.5IU/ml
ရှိတဲ့ခွေးတွေကို ကာကွယ်ဆေးအောင်တယ်လို့ သတ်မှတ်ပါတယ်။ အဲဒီမှာ
၉၁ရာခိုင်နှုန်းဟာ ဆေးအောင်ကြတယ်ဆိုတာ တွေ့ရတယ်။ သတိပြုရမှာက စမ်းသပ်တာက ဆွီဒင်နိုင်ငံပါ။ မြန်မာနိုင်ငံ မဟုတ်ပါဘူး။ ဆွီဒင်ဆိုတာ
ခွေးရူးကင်းစင်နိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။
အများစုဟာ အိမ်မှာတယုတယထားပြီး မွေးကြတာဖြစ်ပါတယ်။ မြန်မာ၊အိန္ဒိယနိုင်ငံလို
ခွေးလေခွေးလွင့် ပေါများတဲ့နိုင်ငံမျိုးမဟုတ်ပါဘူး။ ဒီနိုင်ငံမှာ
ခွေးတကောင်အကိုက်ခံရတာနဲ့ တခြားကို ကူးစက်ဖို့ အခွင့်အလန်းများပါတယ်။
ဒါတင်မကသေးဘူး။ ကာကွယ်ဆေးထိုးပြီးတိုင်း စိတ်ချလို့မရတဲ့အချက်တွေ ရှိတယ်။
ဥပမာ ထိုးတဲ့ ကာကွယ်ဆေးရဲ့ ကွာလတီကလည်း အရေးကြီးတယ်။ စောစောထိုးတဲ့ခွေး
(၆လအောက်) နဲ့ အသက်ကြီးမှထိုးတဲ့ခွေး (၅နှစ်အထက်)တွေဟာ ကာကွယ်ဆေးကို
တုံ့ပြန်မှုနည်းပါတယ်။ ဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားရတယ်။ သေချာတာက
ကာကွယ်ဆေးရဲ့ အောင်မြင်မှုက မြန်မာနိုင်ငံမှာ ၉၀ရာခိုင်နှုန်းရဲ့ အောက်မှာပဲ
ရှိပါတယ်။ အနည်းဆုံး ခွေး(၁၀)ကောင်မှာ (၁)ကောင်ဟာ
ဆေးမအောင်ပါဘူး။ ဒါ့ကြောင့် ခွေးပိုင်ရှင်များကို မေတ္တာရပ်ခံချင်တာက
လူ့အသက်နဲ့ အလောင်းအစားမလုပ်ပါနဲ့။ စာနာစိတ်ထားပြီး
ခွေးကိုက်ခံရသူများအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။
ခွေးကိုက်ခံရသူတွေ
လေ့လာကြည့်ရင် အများစုက ပိုင်ရှင်မဲ့ လမ်းဘေးခွေး အကိုက်ခံရသူတွေ
ဖြစ်ကြတယ်။ ပိုင်ရှင်မရှိတဲ့ ခွေးတွေအတွက် ဘယ်သူမှ တာဝန်မယူပါဘူး။
အဲဒီအတွက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အကုန်ကျခံပြီးဆေးထိုးရတယ်။ အကယ်၍
အကိုက်ခံရတဲ့သူက တတ်နိုင်သူဆို တော်သေးရဲ့။ တခါတရံ လူနာတွေထဲမှာ
ဆင်းရဲသူတွေပါရင် စိတ်မကောင်းစရာပါ။ ထိုးတော့ ထိုးချင်ပါရဲ့။ ဆေးဖိုး
မတတ်နိုင်လို့ ဆေးမထိုးရသူတွေ အများကြီးရှိပါတယ်။ ခွေးကိုက်ခံရတာနဲ့
လေး၊ငါး၊ခြောက်သောင်းလောက် ထွက်ဖို့ သေချာနေပြီ မဟုတ်ပါလား။
စားဝတ်နေရေးအဆင်ပြေအောင် နေ့စဉ် ရုန်းကန်နေရသူတွေဖြစ်လို့ အပိုဝင်ငွေဆိုတာ
နတ္တိပါ။ ဒီထဲမှာ အများစုဟာ သွားရင်း၊လာရင်း၊ဈေးရောင်းရင်း၊ပစ္စည်းပို့ရင်း
ခွေးကိုက်ခံကြရတာပါ။ လုပ်ရင်းကိုင်ရင်းနဲ့ အကြောင်းမဲ့ အကိုက်ခံနေရတယ်။
ကိုက်တဲ့ခွေးတွေကလမ်းဘေးက ခွေးလေခွေးလွင့်တွေ ဖြစ်ပါတယ်။
ဆေးပညာမှာ
ရောဂါကို ကုမှာလား၊ဝေဒနာကို ကုမှာလားဆိုတဲ့ ပြဿနာတရပ် ရှိပါတယ်။ ဥပမာ
လူတယောက် ရောဂါပိုးကြောင့် အဖျားတက်လာတယ်။ ဒီအတွက် အဖျားကျဆေးသောက်ကြတယ်။
အဖျားကျဆေးဆိုတာက ခံစားရတဲ့ဝေဒနာကို သက်သာစေဖို့ ရည်ရွယ်တယ်။
သစ်ပင်လိုဆိုရင် အပေါ်ယံ အကိုင်းကိုပဲခုတ်လိုက်တာပါ။ ပင်စည်ကျန်သေးလို့
နောက်အတက်တွေက ထွက်လာဦးမှာပဲ။ သူ့နောက်ကွယ်က ဖြစ်စေတဲ့အကြောင်းရင်းကို
ရှာပြီးကုသမှ ရောဂါပျောက်ပါတယ်။ အခုလည်း အလားတူပါပဲ။ မျက်စိနောက်တိုင်း
ကိုက်တတ်တဲ့ လမ်းဘေးခွေးတွေသာ မရှိရင် ပြဿနာက ဒီလောက်မကြီးပါဘူး။
ခွေးကိုက်ခံရသူတွေ ဒီလောက်မများပါဘူး။ အကြောင်းရင်းက ခွေးလေခွေးလွင့်
ပေါများနေခြင်းဖြစ်ပါတယ်။ လမ်းဘေးခွေးတွေကို မရှင်းလင်းနိုင်သ၍
ဒီပြဿနာကမပြေလည်ပါဘူး။ အကြောင်းမဲ့ ခွေးကိုက်ခံရတာကို
မကာကွယ်နိုင်ပါဘူး။ နောက်တချက်က ခွေးမွေးတဲ့ ပိုင်ရှင်တွေအနေနဲ့
ကိုယ့်တာဝန်ကိုယ် ယူဖို့ဖြစ်ပါတယ်။ ကျွေးထားရုံနဲ့ တာဝန်ကျေပြီ
မထင်စေချင်ပါ။ ကိုယ့်ခွေးက သူတပါးကို မနှောက်ယှက်နိုင်အောင်လည်း
ထိန်းသိမ်းဖို့ စနစ်တကျ မွေးမြူဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံက ခွေးတွေကတော့
အဖက်ဖက်က လွှတ်ပေးထားတာဖြစ်လို့ ကံကောင်းကြရှာပါတယ်။ ကံမကောင်းတာက လူတွေ
မဖြစ်ဖို့ လိုအပ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
No comments:
Post a Comment