Oramin-Gဆိုတာ
ပေးထားတဲ့နာမည်ကို ရှင်းရရင် ora ဆိုတာ oral ကို ဆိုလိုတဲ့သဘောပါ။oral
ပါးစပ်က သောက်ရတဲ့ minဆိုတာ vitaminရဲ့ နောက်ဆက်စကားလုံး။ Gဆိုတာက
Ginsengအားဆေးကို ညွှန်းဆိုပါတယ်။ ပါးစပ်က သောက်ရတဲ့ ဂျင်ဆင်းပါ
အားဆေးဆိုတဲ့ သဘောမျိုး ဖြစ်ပါမယ်။ ဆေးနာမည်တွေက သူ့အဓိပ္ပါယ်နဲ့
သူရှိပြီးသားပါ။ တချို့ဆေးနာမည်တွေမှာ နားလည်အောင် မနည်းကြိုးစားယူရတာမျိုး
ရှိတတ်ပါတယ်။ အော်ရာမင်း-ဂျီမှာ
ပုံမှန်အားဆေးထက် ကိုရီးယားဂျင်ဆင်း၊ လျှားစောင်းလက်ပတ်နဲ့ လက်စီသင်
စတဲ့ဓာတ်တွေ ပိုလာတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ဓာတ်တွေကို
ဖြည့်တင်းပေးထားတယ်။ ကုန်ခမ်းသွားတဲ့အားအင်ကို
ပြန်ဖြည့်နိုင်တယ်။အသက်အရွယ်ကြီးသူတွေ သောက်သုံးနိုင်တယ်။
ပါဝင်တဲ့အမျိုးအမည်တွေကို ချရေးပြပါမယ်။
Korean Ginseng Extract. 40mg
Aloe extr. 5mg
Lecithin. 50mg
Retinol acetate (VitaminA1) 5000 I.U.
Ergocalciferol (Vitamin D2) 400 I.U.
Tocopherol acetate (Vitamin E). 45mg
Thiamine nitrate (Vitamin B1) 2mg
Riboflavin (Vitamin B2). 2mg
Pyridoxine (Vitamin B6) 2mg
Ascorbic acid (Vitamin C) 60mg
Nicotinamide (Vitamin B3). 20mg
Calcium pantothenate (Vitamin B5). 15.3mg
Cyanocobalamine (Vitamin B12) 6μg
Ferrous fumarate. 54.76mg
Copper sulfate. 7.86mg
Magnesium oxide. 66.34mg
Zinc oxide. 5.0mg
Dibasic calcium phosphate 307.5mg
Manganese sulfate 3.0mg
Potassium sulfate. 18.0mg
ဘယ်လို အာနိသင်တွေ ရှိလဲ
ဂျင်ဆင်းအားဆေးတွေထဲမှာ အစွမ်းထက်ဆုံးက ကိုရီးယားဂျင်ဆင်း ဖြစ်ပါတယ်။
တချို့ကလည်း အားဆေးဘုရင်လို့ ညွှန်းဆိုကြတယ်။ တော်ဝင်တိုင်းရင်းဆေးအဖြစ်
အသိမှတ်ပြုထားတယ်။ အသက်ရှည်ဆေး၊နုပျိုဆေးအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက
သတ်မှတ်ခဲ့တယ်။ တရုတ်ရိုးရာ တိုင်းရင်းဆေးထဲမှာ လူပုံဆေးမြစ်လို့
လူသိများတယ်။ ကုန်ခမ်းသွားတဲ့အားအင်ကို မိနစ်ပိုင်းအတွင်း
ပြန်ဖြည့်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။သက်လုံကောင်းစေတယ်။
စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတယ်။ခုခံအားကို
တက်စေတယ်။ ဇီဝဖြစ်ပျက်မှုကို ထိန်းချုပ်ပေးတဲ့သဘောမျိုး ရှိတယ်။
သွေးအားကောင်းစေသလို သွေးပေါင်ကိုလည်း တက်စေနိုင်တယ်။ အမျိုးသမီး
သွေးဆုံးကိုင်လက္ခဏာတွေကိုလည်း သက်သာစေတယ်။ အမျိုးသား
ပန်းသေ၊ပန်းညှိုးရောဂါမှာ အသုံးဝင်တယ်။ သွေးတွင်း သကြားဓာတ် ထိန်းညှိပေးလို့
ဆီးချိုသမားတွေနဲ့ သင့်တော်တယ်။ ကောင်းတဲ့အဆီဓာတ်(HDL)ကို များစေတာကြောင့်
နှလုံးသွေးကြောပိတ်၊လေဖြတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။
Oramin-Gမှာ ပါတဲ့နောက်တမျိုးက ရှားစောင်းလက်ပတ် အဆီအနှစ်မျိုး ဖြစ်တယ်။
အသားအရေကောင်းစေတယ်။ အစိုဓာတ်ကို ထိန်းပေးတယ်။ အရေပြားကို တင်းရင်းစေပြီး
နုပျိုစေတယ်။ အနာကျက်တာ မြန်စေတယ်။တခြားအရေပြားရောဂါတွေမှာလည်း သုံးစွဲနိုင်သေးတယ်။ နေလောင်၊အညိုကွက်၊မီးလောင်နာ တွေမှာလည်း အသုံးပြုကြတယ်။
lecithinဆိုတာ phospholipid အဆီတမျိုး ဖြစ်ပါတယ်။ acetylcholine
အဖြစ်ပြောင်းလဲနိုင်တယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ဆဲလ်တိုင်းအတွက်
လိုအပ်တယ်။ ဇီဝဖြစ်စဉ်ကို မြန်စေပြီး အဆီတွေကို
ဖြိုခွဲပေးတယ်။အသည်းရောဂါ၊သည်းခြေအိတ်ရောဂါတွေမှာ အသုံးပြုနိုင်တယ်။
စိတ်ကစဥ့်ကလျားရောဂါ၊စိတ်ကျရောဂါ၊အရေပြားရောဂါတွေမှာ အသုံးပြုနိုင်တယ်။
လိမ်းဆေးအနေနဲ့ပေးရင် အစိုဓာတ်ထိန်းပေးနိုင်တယ်။ မျက်စိအားဆေးအနေနဲ့
ပေးတတ်ကြသေးတယ်။ ပဲပုတ်၊ကြက်ဥနှစ်၊မုန့်ညှင်းစေ့၊နေကြာစေ့မှာ အဓိက
ပါဝင်တတ်တယ်။
vitamin B12 က သွေးနီဥဖွဲ့စည်းမှုမှာ အရေးပါတယ်။အသည်းနဲ့ အာရုံကြောဆိုင်ရာ
လုပ်ငန်းတွေမှာ အထောက်ကူပေးတယ်။ပုံမှန်ပမာဏထက် ပိုပေးရင် သွေးခဲမှုကို
အားပေးတယ်။ အူလမ်းကြောင်းက စုပ်ယူပြီး တစ်ရှုးတွေက တဆင့် adenosylcobalaminအဖြစ်ပြောင်းလဲပေးတယ်။သွေးအားနည်းရောဂါ၊အသည်းရောဂါ၊အာရုံကြောရောဂါတွေအတွက် အသုံးဝင်တယ်။
vitamin Cဆိုတာ ရေမှာပျော်ဝင်တဲ့ အင်တီအောက်ဆီးဒင့်
တမျိုးဖြစ်တယ်။များစွာသော ဇီဝဖြစ်စဉ်တွေမှာ အရေးပါတယ်။ အနာကျက်မြန်စေတယ်။
အရောင်ကျစေတယ်။အရိုး၊သွားဖုံးရောဂါတွေမှာ အသုံးပြုကြတယ်။ ဒီဖက်ခေတ်မှာ
အအေးမိတုပ်ကွေးကာကွယ်ဖို့ အသုံးပြုလာကြတယ်။ဗီတာမင် စီဓာတ်ကို
အချဉ်ဓာတ်ရှိတဲ့ သစ်သီး၊ဟင်းသီးဟင်းရွက်တွေမှာ တွေ့နိုင်တယ်။
ironသံဓာတ်က ဟေမိုဂလိုဘင် တည်ဆောက်မှုမှာ အရေးပါတယ်။ ဆဲလ်တွေ
အောက်စီဂျင်ရဖို့ သွေးနီဥမှာပါတဲ့ ဟေမိုဂလိုဘင်ဓာတ်က
သယ်ဆောင်ပေးရတယ်။သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါမျိုး ဖြစ်ပွားတတ်တယ်။
Magnesium oxideက ရေနဲ့ပေါင်းတဲ့အခါ magnesium hydroxide ဖြစ်လာတယ်။ ဝမ်းပျော့စေသလို အစာအိမ်နာပျောက်ဆေးအဖြစ်သုံးနိုင်တယ်။
Potassium sulfateက အရေပြားဆဲလ်တွေမှာ အောင်ဆီဂျင်ပိုရစေတယ်။အရေပြားကိုနူးညံ့ပျော့ပျောင်းစေသလို အရေပြားရောဂါအချို့မှာ အသုံးဝင်တယ်။
zinc oxideဓာတ်က အရေပြားယားခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း၊နာကျင်ခြင်းကို
ယာယီသက်သာစေတယ်။ လိပ်ခေါင်းရောဂါ၊အရေပြားရောဂါတွေမှာ အသုံးများတယ်။
လိမ်းဆေးအချို့မှာ zinc oxideထည့်ထားတတ်တယ်။
ဆေးညွှန်း
ပုံမှန်အားဖြင့် တနေ့ တကြိမ် အစာစားပြီး သောက်ပေးရမယ်။ အသက် ၁၂နှစ်အထက်ဖြစ်မှ သောက်သင့်တယ်။ အသက် ၁နှစ်အောက်တွေမှာ မပေးရဘူး။ ဂျင်ဆင်းပါအားဆေးတိုင်း အသက်ကြီးသူတွေနဲ့ ပိုမိုသင့်တော်တယ်။ အသက်နှစ်ဆယ်ကျော်အရွယ်တွေ သောက်နေတာမျိုးတော့ အားမပေးချင်ဘူး။
ဆရာဝန်အချို့က
ဂျင်ဆင်းပါတဲ့အားဆေးမျိုးကို ၃လထက် ပိုသောက်တာ သဘောမတူကြဘူး။ တချို့ကလည်း
cycleပုံစံ သောက်လိုက်နားလိုက် ပုံစံမျိုး သောက်ခိုင်းတယ်။ ၁လသောက်၊၁လနား
ဆိုတဲ့ပုံစံမျိုးတွေ၊
ဦးနှောက်စိတ်ကြည်ဖို့၊စိတ်ကူးကောင်းစေဖို့
သုံးချင်တဲ့အခါ နားလိုက်၊သောက်လိုက်ပုံစံမျိုးက
ပိုကောင်းတယ်။ အများအားဖြင့် အသက် ၃၅-၄၀အထက်တွေ သောက်သုံးကြတယ်။
ဘေးထွက်ဆိုးကျိုး
-ညအိပ်မပျော်တာ
-ရင်တုန်တာ
-စိတ်လှုပ်ရှားတာ
-ပျို့ချင်၊အန်ချင် ဖြစ်တာ
-ဝမ်းလျောတာ
-ခေါင်းကိုက်တာ
-နှာခေါင်းသွေးယိုတာ
-ရာသီသွေးဆင်း များတာ
-ရင်သားတင်းတာ
-သွေးပေါင်တက်တာ
(ရေရှည်စွဲသောက်ရင် ဘေးထွက်ဆိုးကျိုးပိုတွေ့ရတယ်။)
အတူတွဲမသောက်သင့်တဲ့ဆေး
-ဆီးချိုကျဆေး၊
-သွေးကျဆေး
-သွေးကျဲဆေး
-စိတ်ကျဆေး
-အိပ်ဆေး
-ကော်ဖီ၊လက်ဖက်ရည်
သတိပြုသင့်သည့် ရောဂါများ
-ခုခံအားတက်စေတာကြောင့် autoimmune diseaseခုခံအားချင်း ပြန်တိုက်တဲ့ရောဂါမျိုးမှာ ရှောင်သင့်တယ်။
-သွေးတွင်း သကြားဓာတ်ကျစေတယ် ဆိုတာကြောင့် ဆီးချိုဆေးနဲ့တွဲသောက်မိရင်
ရုတ်တရက် ဆီးချိုကျတတ်တယ်။ နောက်လေ့လာမှုအချို့မှာ ကိုရီးယားဂျင်ဆင်းကြောင့်
ဆီးချိုတက်နိုင်တယ်လို့ ဆိုပြန်တယ်။ ဒါ့ကြောင့် ဆီးချိုသမားတွေ ဆရာဝန်နဲ့
တိုင်ပင်ပြီးမှ သောက်သင့်တယ်။
-ဂျင်ဆင်းခရေဇီသမားတွေက သွေးပေါင်ထိန်းညှိပေးနိုင်တယ် ဆိုပြီး
ဝိနည်းလွတ်ပြောချင်ကြတယ်။ လေ့လာကြည့်တဲ့အခါ သွေးပေါင်ကို သိသိသာသာ
ချမပေးနိုင်တာ တွေ့ရတယ်။ ဘေးထွက်ဆိုးကျိုးမှာလည်း
သွေးပေါင်တက်စေနိုင်တယ်လို့ ဆိုထားတာ သတိပြုသင့်တယ်။သွေးပေါင်ဆိုတာမျိုးက
တက်လည်းမကောင်း၊ကျလည်းမကောင်းမို့ သွေးကျဆေးနဲ့ အတူတွဲမသောက်တာ
အကောင်းဆုံးဖြစ်ပါမယ်။
-သွေးလျှောက်အား ကောင်းစေလို့ သွေးယို၊သွေးခြေဥတဲ့
ရောဂါမျိုး၊အခြေအနေမျိုးမှာ ရှောင်သင့်တယ်။
နှာခေါင်းသွေးယို၊ရာသီသွေးမမှန်တဲ့ အခါမျိုးမှာ
ရှောင်သင့်တယ်။သွေးကျဲဆေးတွေနဲ့လည်း တွဲမသောက်မိပါစေနဲ့။
-စိတ်အာရုံကို လန်းဆန်းအောင် လှုံဆော်ပေးလို့ ကော်ဖီ၊လက်ဖက်ရည် နဲ့
တွဲသောက်မိရင် ပိုဆိုးဦးမယ်။ အိပ်ဆေးနဲ့တွဲသောက်မိရင်
ပြောင်းပြန်အာနိသင်ရှိလို့ သတိထားပါ။
-အမျိုးသားအားဆေးတွေနဲ့လည်း အတူတွဲမသောက်သင့်ဘူး။ ရင်တုန်တာ၊မောတာ၊အသက်ရှုမဝ ဖြစ်လာတတ်တယ်။
သိထားသင့်သည့် အချက်များ
-စိတ်အာရုံလန်းဆန်းဖို့၊ပင်ပန်းမှုတွေ ပြေပျောက်ဖို့ သုံးစွဲနိုင်တယ်။
-ယနေ့ထိ အမေရိကား FDAက ဂျင်ဆင်းပါ အားဆေးတွေ သုံးစွဲဖို့
ထောက်ခံချက်မပေးသေးပါဘူး။ လေ့လာမှုအမျိုးမျိုးမှာ
အဖြေအမျိုးမျိုးထွက်နေတာကြောင့် ပိုမိုစမ်းသပ်မှုတွေလုပ်ဖို့သာ
အကြံပေးထားတယ်။
-ဂျင်ဆင်းပါအားဆေးတိုင်း ကောင်းမယ်ဆိုတာချည်း မဟုတ်သေးဘူး။
ကောင်းတဲ့အချက်ရှိသလို ဆိုးတာလည်း ပါမယ်။ လူတိုင်းနဲ့
သင့်တော်တယ်ဆိုတာမျိုးလည်း မဟုတ်သေးပါဘူး။ ကိုယ့်မှာ ရှိတဲ့ရောဂါအနေအထားကို
လေ့လာပြီးမှ လိုအပ်မှ သုံးစွဲသင့်ပါတယ်။
-နေ့စဉ်စွဲသောက်သင့်၊မသင့် ဆိုတာမျိုးက ယနေ့ထိ
ငြင်းလို့ကောင်းနေကြဆဲပါ။သေချာတာတခုက ၉၆ပါးရောဂါ၊ကင်ဆာရောဂါတွေကို
ပျောက်ကင်းနိုင်တာမျိုးတော့ မဟုတ်ပါဘူး။
-သိသလောက်ပြောရရင် ဆရာဝန်တွေကတော့ ဂျင်ဆင်းပါ အားဆေးတွေ စွဲသောက်ဖို့
မတိုက်တွန်းကြပါဘူး။ အများစုဟာ မိမိဘာသာ ဝယ်သောက်ကြသူတွေပါ။ အကောင်းဆုံးကို
အကြံပြုရရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သုံးစွဲသင့်တယ်။
ဒေါက်တာအေးမင်းထူး
၁၀.၇.၁၃
No comments:
Post a Comment